အမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ်တဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။
အဲဒီအမ်းမြို့နယ်၊ ကံ့ကော်ရိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကျော်မှာ မျက်နှာတခုလုံးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။
သူဟာ ဖေဖော်ဝါရီလ ၁၃ ရက်နိ၊မနက်၁၁ နာရီခွဲအချိန်ခန့်က အဖေဖြစ်သူဦး ကျော်နိုင်နဲ့တတူ ကံ့ကော်ရိပ်ရွာအရှေ့ဖက်က သီဟို၌ခြံမှာ မြက်ရှင်းလင်းရာကနေ စစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်မိရာ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာအနီးအနားမှာ စစ်ကော်မရှင်တပ်က စခန်းချနေထိုင်ခဲ့ပြီး မြေမြုပ်မိုင်းထောင်တာ၊လက်နက်စွန့်ပစ်တာတွေပြုလုပ်ခဲ့တယ်လို့ရွာသားတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ဒဏ်ရာရတာတွေရှိနေကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






