၁ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အပါအဝင် အဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ဗိုလ်နဂါးနဲ့အဖွဲ့ဟာ မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့လူသတ်အလောင်းဖျောက်မှု၊ PDF ရဲဘော်တွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို နှိပ်စက်မှုနဲ့ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိမ်းကျင့်မှုအပါအဝင် အမှုပေါင်း ၇ ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ရာဇဝတ်မှုတွေကို ပြည်သူ့ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးနိုင်ဖို့ ကျူးလွန်သူတွေကို လွှဲပြောင်းပေးဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖမ်းဆီးထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ရာမှာ BNRA အဖွဲ့ဝင်အချို့က ပြန်လည်ခုခံခဲ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး၊ BNRA အဖွဲ့ဝင်အချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဟာ PDF နဲ့ ပကဖ တွေထံကို ချိတ်ဆက်အဖမ်းခံတာ၊ လာရောက်ပူးပေါင်းတာနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်နေကြပြီလို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
အဲဒီဗိုလ်နဂါးနဲ့အဖွဲ့ရဲ့ ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်နေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲထုတ်ပြန်ချက်တွေကိုလည်း လိုအပ်သလို ဆက်လက် ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
အဲဒီဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာလက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်နယ်မြေခံလုံခြုံရေးတပ်စခန်းတခုဆီသို့ ဖေဖော်ဝါရီလ ၁၇ ရက်၊ညနေ၄နာရီ ၅၀ မိနစ်မှာအလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားပါတယ်။






