Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးသွားအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုရက်ပိုင်းမှာတင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပါတယ်။
အဲဒီလို စစ်ဆေးတဲ့နေရာမှာ အသိပညာပေးတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းသူတွေနဲ့ လူပိုတင်သူတွေကို DLEPS အဖွဲ့တွေက ခေတ္တခေါ်ယူ စစ်ဆေးနေတာပါ။
စည်းကမ်းမလိုက်နာတဲ့သူတွေကို ယာဉ်စည်းကမ်းဆိုင်ရာမေးခွန်းတွေ စာရွက်ပေါ်မှာဖြေဆိုခိုင်းပြီး မဖြေနိုင်တဲ့သူတွေကိုတော့ အသိပညာပေးစာအုပ်တွေ ဖတ်ရှုခိုင်းတာ၊ ရှင်းပြပေးတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။
အဲဒီအပြင် တချို့မြို့တွေမှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ရှိနေပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဉ်မောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီးသားဖြစ်သလို လမ်းသွားလာတဲ့အခါ ယာဉ်အင်္ဂါရပ်နဲ့အညီ ပစ္စည်းစုံလင်စွာ တပ်ဆင်သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။
အာရက္ခပြည်သူတွေအနေနဲ့လည်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးတာတွေ မရှိရအောင် သတ်မှတ်ထားတဲ့ စည်း
ကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အစိုးရဘက်က တိုက်တွန်းထားပါတယ်။




















