အာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ဒီနေ့မနက် အာရုံတက်ချိန်ကစပြီး ရာမဒန်ဥပုဒ်ကာလကို စတင်လိုက်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။
အဲဒိီရာမဒန်ဥပုဒ်ကာလကို ဖေဖော်ဝါရီလ ၁၉ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာ ဥပုဒ်ဆောက်တည်ကြမှာ ဖြစ်ပါတယ်။
“ရခိုင်ကမွတ်ဆလင်အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ လမြင်တဲ့အတိုင်း ဒီနေ့ကစပြီး ရာမဒန်ဥပုဒ်ကာလ စတင်ကြတာပါ။တချို့ကတော့မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မှ စတင်ကြမှာဖြစ်တယ်။” ဘူးသီးတောင်မြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီ ဥပုဒ်ဆောက်တည်သူတွေဟာ မနက်အာရုံမှာအစတ္တာရီ စားသောက်ပြီးချိန်ကစလို့ တနေကုန် အစာရေစာ လုံးဝမစားသော
က်ကြသလို တံတွေးတောင် မျိုချတာမျိုးမလုပ်ဘဲ တင်းတင်းကျပ်ကျပ် ဥပုဒ်ဆောက်တည်ကြရတာ ဖြစ်ပါတယ်။
ဗလီဝတ်ပြုပြီးချိန် ညနေ ၆ နာရီမှာတော့ အစ္စတာရီ ညစာအဖြစ် ဇီလာဘီ၊ ဆော်နာပူ၊ စမူဇာ စတဲ့ မွတ်ဆလင်ရိုးရာ အစားအစာတွေအပြင် ကျောက်ကြော၊အုန်းသီး၊ ဖရဲသီး၊ ဖာလူဒါနဲ့ အအေးမျိုးစုံ၊ သစ်သီးဝလံတွေကို စားသောက်ပြီး ဝါဖြေကြတာလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး တလပြည့်မြောက်တဲ့နေ့မှာတော့ မွတ်ဆလင်တွေရဲ့ အီးဒ်ပွဲတော်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်သွားကြမှာ ဖြစ်ပါတယ်လို့ မူဆလင်လူမျိုးတွေကဆိုကြပါတယ်။



















