Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၀။
ထိုင်းရှေ့တန်းစခန်းတွေကို နှောင့်ယှက်ဖို့ ကမ္ဘောဒီးယားစစ်တပ်က ၃ ရက်ဆက်တိုက်တောမီးရှို့တိုက်ခိုက်ခဲ့ရာကနေ လေကြောင်းပြောင်းပြီး ကမ္ဘောဒီးယားဘက်ခြမ်းက တပ်စုမှူးနေအိမ်နဲ့ စစ်စခန်းအချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက စတင်ရှို့ခဲ့တဲ့ဒီမီးဟာ လက်ရှိအချိန်အထိ ထိန်းချုပ်လို့မရသေးဘဲ ကမ္ဘောဒီးယားဘက်ခြမ်းက နေအိမ်တွေနဲ့ ဆီဆိုင်တွေအနီးအထိ ကူးစက်နေတာပါ။
အဲဒီမီးရှို့ခဲ့တဲ့ ကမ္ဘောဒီးယားတပ်သားသစ်တွေက “တကယ်ကြီး လောင်နေပြီ၊အန္တရာယ်ရှိပြီ” လို့ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီတောမီးကြောင့် ပရယ်ဝိဟီယားပြည်နယ်က ကမ္ဘောဒီးယားတပ်စုမှူးနေအိမ်ဟာ လုံးဝပြာကျသွားခဲ့ပြီး စစ်စခန်းတွေအနီးကိုပါ မီးကူးစက်လာတာကြောင့် စစ်သားတွေဟာ ပျာယာခတ်ပြီး မီးငြှိမ်းသတ်နေကြရပါတယ်။
အစပိုင်းမှာ ထိုင်းဘက်ကိုနှောင့်ယှက်ဖို့ ကြုံးဝါးခဲ့ပေမယ့် အခုအခါမှာတော့ မီးကို မငြှိမ်းသတ်နိုင်တော့တာကြောင့် မိုးရွာချပေးဖို့ နတ်ဒေဝါတွေကိုပါ ကမ္ဘောဒီးယားစစ်သားတွေက ပြန်လည်ရှိခိုးဆုတောင်းနေရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ အခုနှစ်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ စစ်ရေးတင်းမာမှုတွေရှိနေစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
အခုလို တောမီးရှို့ပြီး နှောင့်ယှက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကြောင့် နယ်စပ်ဒေသက အရပ်သားပြည်သူတွေမှာလည်း မီးဘေးအန္တရာယ်အပြင် မီးခိုးငွေ့ညစ်ညမ်းမှုဒဏ်တွေကိုပါနှစ်ဖက်စလုံးက ခံစားနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီတောမီးဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကိုပါ ပိုမိုဆိုးရွားစေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း နယ်စပ်တစ်လျှောက် မီးရှို့မှုတွေကိုထိန်းသိမ်းဖို့ ကမ္ဘောဒီးယားဘက်ကို တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဘက်က သတင်းအမှောင်ချထားဆဲ ဖြစ်ပါတယ်။






