Border News Agency
လယ်ဒို၊ ဖေဖော်ဝါရီ ၂၀။
အာဏာသိမ်းစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုအသုံးချပြီး လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူ – ဗဟိုက ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကမူးယစ်ဆေးဝါး (WY) အပြား ၁၀၀ ခန့် သယ်ဆောင်လာတဲ့ အသက် ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ဦးကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။
အဲဒီကလေး ၂ ဦးဟာကျောက်တံခါးမြို့ ဈေးပိုင်းမှာနေထိုင်သူတွေဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ ခိုင်းစေမှုကြောင့် လယ်ဒိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။
စစ်ကော်မတရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားနည်းလာစေဖို့အတွက် စစ်ရေးနည်းလမ်းတင်မကဘဲ အကျိုးအမြတ်နဲ့ ဆွဲဆောင်တာ၊ တော်လှန်ရေးပုံရိပ်တွေ ညှိုးနွမ်းအောင်သတင်းတု၊ သတင်းမှားတွေထုတ်လွှင့်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒေသခံလူထုရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်လာခဲ့တာဟာ ကရင့်တော်လှန်ရေး အဆက်ဆက်မှာ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။






