အာရှ – ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် အမေရိကန်တပ်မတော်ရဲ့ ခေတ်မီတိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ကိရိယာတွေဟာ ဖေဖော်ဝါရီလ၂၀ ရက်၊ မနေ့က ထိုင်းနိုင်ငံ၊ ဆာတာဟစ်ရေတပ်အခြေစိုက်စခန်းကို ဆိုက်ရောက်လာခဲ့ပါတယ်။
အခုရောက်ရှိလာတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်တွေနဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
အဲဒီအပြင် စစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ ဆက်သွယ်ရေးကိရိယာ အမြောက်အများကိုလည်း ဆာတာဟစ်ဆိပ်ကမ်းမှာ ချမှတ်ခဲ့ပြီးနောက်၊သတ်မှတ်ထားတဲ့ စစ်ရေးလေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်သွားမယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီနှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအပြင် တခြားမဟာမိတ်နိုင်ငံပေါင်းစုံက စစ်သည်တော်တွေလည်း ပါဝင်တက်ရောက်ကြမယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီးတခုလည်း ဖြစ်ပါတယ်။
အဲဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေသာမက လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။






