Border News Agency
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂။
ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းတိုးရမယ့် နောက်ဆုံးရက်ကို လာမယ့်မတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပါတယ်။
အဲဒါဟာ မူလသတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်အတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတဲ့ အလုပ်သမား ၃ သိန်းကျော်ရှိနေတာကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရက်တိုးပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ရက်တိုးပေးလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ အထောက်အထားမဲ့ဖြစ်မသွားစေဖို့နဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အဲဒီအပြင် မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး စခန်း ၅ ခုမှာ စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။
CI လုပ်မယ့် အလုပ်သမားတွေအနေနဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီခရိုင်တွေမှာရှိတဲ့ စခန်းတွေကို သွားရောက်လျှောက်ထားနိုင်မှာပါ။
CI စာအုပ်အတွက် ကုန်ကျစရိတ် ၂,၄၇၀ ဘတ်ကို 7 – Eleven ဆိုင်တွေမှာ ကြိုတင်ငွေသွင်းရမှာဖြစ်ပြီး ရရှိလာတဲ့ ပြေစာနဲ့အတူ မိမိတို့အဆင်ပြေမယ့် ရက်စွဲနဲ့စခန်းတွေကို ရွေးချယ်သွားရောက်ရမှာ ဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုပေးဆောင်ရတာမျိုးမရှိစေဖို့နဲ့ ပွဲစားတွေကြောင့် မလိုအပ်ဘဲ ငွေကုန်ကြေးကျမများစေဖို့ သတိပြုကြဖို့လည်း အလုပ်သမားရေးဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။






