Border News Agency
မီဇိုရမ်၊ ဖေဖော်ဝါရီ ၂၃ ။
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်မှာ ရူပီး ၁၂ သန်းကျော်တန်ဖိုးရှိတဲ့ မက်သမ်ဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့အတူ ချင်းအမျိုးသားတဦးကို အာသံရိုင်ဖယ်နဲ့ ရဲတပ်ဖွဲ့ကပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇိုခေါထာရ် အမှတ် ၃ စစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီအာသံရိုင်ဖယ်နဲ့ ရဲတပ်ဖွဲ့ဟာဆိုင်ကယ်တစီးကို မသင်္ကာလို့တားဆီးစစ်ဆေးရာကနေ အလေးချိန် ၁၅.၉ ကီလိုဂရမ်ကျော်ရှိတဲ့ စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးတွေဟာ နိုင်ငံတကာပေါက်ဈေးအရ အိန္ဒိယရူပီး ၁၂ သန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အဲဒီ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ချင်းပြည်၊ ဖလမ်းမြို့နယ်၊ Satawm ကျေးရွာက အသက် ၂၉ နှစ်အရွယ် လာလ်ရမ်းလျန်နာ (Lalramliana) ဖြစ်ပါတယ်။
အဲဒီ အာဏာပိုင်တွေက သူသယ်ဆောင်လာတဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အဲဒိဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးအက်ဥပဒေအပြင် ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေတွေနဲ့ပါ ထပ်တိုးအမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။






