အာရက္ခဒေသက ဂဏန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြတာဟာစျေးကောင်းရနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အရင်တုန်းကဂဏန်းလုံးတကီလိုကိုကျပ်ငါးထောင်မှခုနှစ်ထောင်ထိသာရခဲ့ပေမယ့် ခုတော့ တကီလိုကိုတသောင်းငါးထောင်ကျပ်ထိဈေးကောင်းရနေတာ ပါ။
”အရင်ကဂဏန်းလုံးတကေစီကို မြန်မာကျပ်ငွေငါးထောင်ခြောက်ထောင်ပဲရှိခဲ့တယ်။အခုလက်ရှိမှာတကေစီကိုတသောင်းငါးထောင်အထိဈေးမြင့်တက် နေပါတယ်။”လို့ ဂဏန်းကုန်သည်တဦးက Border News Agency ကိုပြောပါတယ်။
အရင်က ဂဏန်းတွေကို မူဆယ်လမ်း ကြောင်းမှတဆင့် တရုတ်နိုင်ငံကို တိုက် ရိုက်တင်ပို့ခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခကြောင့် လမ်းကြောင်းပြောင်းသွားခဲ့တာပါ။
အဲဒီအပြင် စစ်ကော်မရှင်တပ်က လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ဘင်္ဂလားဒေ့ရှ်သို့သာတင်ပို့နေကြတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။
”ဂဏန်းလုံးတွေ ဈေးထိုးကျလို့ ဝယ်သူ မရှိလို့ ဝင်ငွေမရှိဘဲစားဝတ်နေရေး အ ဆင်မပြေခဲ့တာခြောက်လကျော်ခဲ့ပြီ။အခုမှ ဘင်္ဂလားဘက်က အဝယ်လိုက်လာတယ်။ဝယ်သူရှိရင်ကျွန်တော်တို့ဂဏန်းထောင်ရှာတဲ့သူတွေဝင်ငွေရပြီးအဆင်ပြေကြပါတယ်။”လို့ ဂဏန်းဖမ်းသူတဦးက Border News Agency ကိုပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဂဏန်းဝယ်ယူနေတာမို့ ဂဏန်းရှာသူတွေများလာသလိုဝ င်ငွေလည်းတိုးလာနေတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြားတရားဝင်ကုန်သွယ်ရေးအားကောင်းလာဖို့မျှော်လင့်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






