Border News Agency
အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၄။
အာဖဂန်နစ္စတန်အရှေ့ဘက်ခြမ်းကို ပါကစ္စတန်တပ်မတော်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီလ၂၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေအရှိန်မြင့်နေချိန်မှာ အခုလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၂ ရက်အကူး ညပိုင်းမှာ နန်ဂါဟာပြည်နယ်အတွင်းက ခရိုင်အချို့ကို ထိမှန်ခဲ့တာလို့ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) ကဆိုပါတယ်။
တာလီဘန်အစိုးရဘက်ကလည်း ပက်တီကာပြည်နယ်အပါအဝင် နေရာအတော်များများမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်တွေပါ ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ပါကစ္စတန်အစိုးရဘက်ကတော့ သူတို့နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ အာဖဂန်မြေပေါ်မှာ အခြေစိုက်တဲ့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
အဲဒါကြောင့် အာဖဂန်အခြေစိုက်တာလီဘန်နဲ့ အိုင်စစ် (IS) စခန်း ၇ ခုကို သတင်းအချက်အလက်အပေါ် အခြေခံပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့တွေကို အာဖဂန်ကနောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။
အာဖဂန်တာလီဘန်အစိုးရကတော့ သူတို့နယ်မြေကိုအသုံးပြုပြီး တခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့ ခွင့်မပြုကြောင်း အမြဲတမ်းငြင်းဆိုထားပြီး ပါကစ္စတန်ရဲ့ အခုလုပ်ရပ်ဟာ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကန့်ကွက်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် သင့်တော်တဲ့အချိန်မှာ ထိုက်တန်တဲ့တုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အာဖဂန် ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူတွေထဲမှာ ကျောင်းသား ၈ ဦးအထိ ပါဝင်နေပြီး ပညာရေးအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်လက်ရှိမှာ နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေရပ်တန့်နေပြီး လက်တုံ့ပြန်မှုတွေဆက်တိုက်ဖြစ်လာမှာကို နိုင်ငံတကာကစိုးရိမ်နေကြပါတယ်။






