စစ်ခေါင်းဆောင်ရဲ့စစ်မှုထမ်းဥပဒေနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ထွက်ပြေးနေကြတဲ့ မြန်မာနိုင်ငံသား ၁၇,၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွေမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ထိုင်းနိုင်ငံက ၁၀,၉၆၅ ဦးနဲ့ အများဆုံးဖြစ်နေပြီး မလေးရှား၊အိန္ဒိယနဲ့ လာအိုနိုင်ငံတွေမှာလည်း ဆက်တိုက်ဖမ်းဆီးခံနေရတာပါ။
အဲဒီလိုထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်တွင်းမှာစစ်ကော်မရှင်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့်ဖြစ်ပြီး စစ်မှုထမ်းဥပဒေထွက်ပြီး တနှစ်အတွင်းမှာတင် လူပေါင်း ၁၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထဲ အထူးသဖြင့် ထိုင်းကနေ မြန်မာပြည်ဘက် ပြန်ပို့ခံရတဲ့သူတွေကို နယ်စပ်မှာတင် စစ်ကော်မရှင်တပ်က စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ထပ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။
အဲဒီအပြင် ၅ နှစ်တာအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်တာတွေကြောင့် အရပ်သားနဲ့ တော်လှန်ရေးရဲဘော် ၄,၀၀၀ နီးပါး အသက်ပေးခဲ့ရပါတယ်။
အဲဒီလို ဘက်ပေါင်းစုံက ဖိနှိပ်မှုတွေကြောင့် မြန်မာလူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံကို စွန့်ခွာဖို့ဆုံးဖြတ်ထားကြပြီး ပညာတတ်လူငယ်တွေပါ ပြည်ပထွက်ကုန်တာကြောင့် မြန်မာ့အနာဂတ်အတွက် UNDP ကပါ စိုးရိမ်ကြောင်း သတိပေးထားပါတယ်။






