အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်စာရင်းတွေအရ သိရပါတယ်။
အဲဒီ ယိုးငူကျေးရွာဖေဖော်ဝါရီလ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး၊ဒဏ်ရာရသူတွေများပြားခဲ့တာပါ။
အဲဒီ အသက် ၃၁ နှစ်အရွယ်ဒေါ်စိုးစိုးနွယ်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း၊အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု၊ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စင်မာအေး၊ အသက် ၁၄ နှစ်အရွယ် မစိုးသဇင်မိုး၊ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ်၊ အသက် ၇၀ နှစ်အရွယ် ဒေါ်မဗုစိန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ်နဲ့ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးမြတင်၊အသက်ခုနှစ်နှစ်အရွယ်ဒေါ်မညို၊အသက် ၄၄ နှစ်အရွယ် ဒေါ်ဇင်မာအေး တို့ သေဆုံးခဲ့ကြပါတယ်။
အဲဒိီအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်နုနု၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း၊ အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၇ နှစ်အရွယ် မသွယ်သွယ်ဖြိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခိုင်စိုးဝေ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သောင်းမြစိန်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးသိန်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်မချေကြီး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးသိန်းမြနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်မရွှေသန်း ဒဏ်ရာရသွားခဲ့ကြတာပါ။
အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊စျေးတွေ၊စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။






