Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၂၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာခါလီလူရာမန်ဆီကို အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင် တရားဝင်ပေးပို့လိုက်ပါတယ်။
ဒါဟာ အာရက္ခပြည်အတွင်းက နယ်စပ်ဒေသတွေကို AA က ထိန်းချုပ်ထားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရဆီကို ပထမဆုံးအကြိမ် တရားဝင်ဆက်သွယ်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာပါ။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ သဝဏ်လွှာထဲမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား မိတ်ဖက်ဆက်ဆံရေး လမ်းကြောင်းသစ်တခုကို အတူတကွပုံဖော်သွားဖို့ အသင့်ရှိနေကြောင်း ကမ်းလှမ်းထားပါတယ်။
ဒါ့အပြင် ဒေသတွင်းကမူဆလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျကျ၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်လိုတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း မူဆလင်အရေးနဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်ရော၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ပါနှစ်ဖက်စလုံး ဆက်သွယ်ပြောဆိုမှုတွေရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြပါတယ်။
အခုလို AA ဘက်က တရားဝင်စာပေးပို့လာမှုဟာ ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ကြား တရားဝင်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ ခြေလှမ်းစလိုက်တာပဲ ဖြစ်ပါတယ်။






