Border News Agency
လားရှိုး၊ ဖေဖော်ဝါရီ ၂၈။
လားရှိုးမြို့နယ်အတွင်း နှစ်ဖက်နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီး TNLA အုပ်ချုပ်ရေးဝန်ထမ်းနဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA ဘက်က ဖမ်းဆီးထားတာကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရဆီ TNLA က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း လားရှိုးမြို့၊ မိုင်းယော်ဒေသမှာ နယ်မြေအငြင်းပွားမှုတွေ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
TNLA ရဲ့ တိုင်ကြားစာထဲမှာတော့ မိုင်းယော်ဒေသက ကျေးရွာ ၃ ရွာမှာရှိတဲ့ သူတို့ရဲ့အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၅ ဦးကို MNDAA ဘက်က အတင်းအဓမ္မဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ဒီပြဿနာအပေါ် တရုတ်အစိုးရအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတာပါ။
အဲဒီ MNDAA ဘက်က ဖမ်းဆီးထားသူတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အရာရှိတဦးနဲ့လက်နက်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့အတွက် “ဝ” တပ်ဖွဲ့ (UWSA) ကလည်း ကြားဝင်စေ့စပ်ပေးနေတယ်လို့ သိရပါတယ်။
TNLA နဲ့ MNDAA တို့ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တွေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူတူဆင်နွှဲခဲ့ကြသူတွေဖြစ်ပေမယ့် အခုလိုနယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။






