Border News Agency
အစ္စရေး၊ ဖေဖော်ဝါရီ ၂၈။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီယာဟာတာမီသေဆုံးသွားပြီလို့ Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် စစ်ဆင်ရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲနေချိန်မှာ အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ မြို့တော်တီဟီရန်ရှိ လူနေရပ်ကွက် လမ်းမတစ်ခုပေါ်မှာသွားလာနေတဲ့ အမီယာ ဟာတာမီရဲ့ယာဉ်တန်းကို အစ္စရေးလေတပ် (IAF) က ဒရုန်း သို့မဟုတ် တိကျပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေသုံးပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလုပ်ကြံသတ်ဖြတ်ခံရမှုသတင်းကို အစ္စရေးနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာလည်း အရေးပေါ်သတင်းအဖြစ် ထုတ်ပြန်ဖော်ပြခဲ့ကြပါတယ်။
အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံးမှုကြောင့် အီရန်စစ်တပ်အတွင်း တုန်လှုပ်မှုတွေဖြစ်ပေါ်နေသလို အီရန်ဘက်ကလည်း အဆင့်မြင့်ခေါင်းဆောင်တဦး ဆုံးရှုံးမှုအတွက် အပြင်းအထန်လက်တုံ့ပြန်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။
မြို့တော်တီဟီရန်နဲ့ အဓိကမြို့ကြီးတွေမှာလည်းလုံခြုံရေးတွေကို အမြင့်ဆုံးအဆင့် တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ ဗျူဟာမြောက်နေရာတွေကို ဆက်တိုက်ဗုံးကြဲနေချိန်မှာ အခုလိုစစ်ဘက်အကြီးအကဲပါ လုပ်ကြံခံရတာကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲဟာ ပိုမိုပြင်းထန်တဲ့ အခြေအနေဖြစ်တယ်လို့သိရပါတယ်။







