Border News Agency
အဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၈။
ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ လူနေရပ်ကွက်တခုအတွင်းသို့ အီရန်နိုင်ငံမှပစ်လွှတ်လိုက်တဲ့ ပစ်စင်ဒုံးကျည်အစအနတွေကျရောက်ပေါက်ကွဲလို့ အာရှနိုင်ငံသားတဦးသေဆုံးသွားခဲ့တယ်လို့ ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
ယူအေအီး လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အဲဒီဒုံးကျည်ကို ကောင်းကင်ယံမှာတင်ထိရောက်စွာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာကြောင့် ပိုမိုကြီးမားတဲ့ဘေးအန္တရာယ်ဆိုးကြီးကို ဟန့်တားနိုင်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒါပေမယ့်လည်း ပစ်ချလိုက်တဲ့ ဒုံးကျည်အပျက်အစီးနဲ့ အစအနတွေဟာ လူနေရပ်ကွက်ပေါ် ကျရောက်ခဲ့တာကြောင့် အခုလိုလူအသေအပျောက်ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ထိခိုက်မှုရှိတဲ့နေရာတဝိုက်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖြန့်ကြက်ထားပြီး လုံခြုံရေးအခြေအနေကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ တာဝန်ရှိသူတွေကပြောကြားထားပါတယ်။
ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းရှိပြည်သူလူထု၊ နေထိုင်သူတွေနဲ့ ဧည့်သည်တော်တွေအားလုံးရဲ့လုံခြုံရေးကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။






