Border News Agency
ရန်ကုန်၊ မတ် ၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒုတိယဗဟိုကော်မတီဟာ ကြားကာလသတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom မှတဆင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စီမံချက်တွေရေးဆွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ၁ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေအပါအဝင် စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်တည်ရှိမှုနဲ့အတူ ပြည်ထောင်စုလွှတ်တော်၊တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေခေါ်ယူကျင်းပရေးအပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပါတီအင်အားစုတွေအကြား ကျစ်လျစ်ခိုင်မာရေးအတွက် အဆင့်ဆင့်သောပါတီအမှုဆောင်တွေရဲ့ ထိရောက်တဲ့ဦးဆောင်မှုနဲ့ စီမံချက်တွေရေးဆွဲဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။






