Border News Agency
အုတ်ဖို၊ မတ် ၁။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင်နဲ့ နောက်လိုက်တွေ မောင်းနှင်လာတဲ့ကားကို တားဆီးစစ်ဆေးစဉ် ခုခံပစ်ခတ်တာကြောင့် အသေဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) UGF(OKPO)က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီကားကို ဖေဖော်ဝါရီလ ၂၁ ရက်၊ နေ့လည် ၂ နာရီခွဲကျော်အချိန်မှာ ပြောက်ကျားရဲဘော်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပျူစောထီးတွေစီးလာတဲ့ ဖောကားကိုရပ်တန့်ဖို့တားဆီးခဲ့ပေမယ့် ကားရပ်မပေးဘဲပြန်လည်ခုခံပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ပျူခေါင်းဆောင်ဂျေကြီးနဲ့ သူ့ရဲ့နောက်လိုက်ပျူစောထီးတဦးတို့ဟာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာပါလာတဲ့ ကျန်ရှိနေတဲ့ပျူစောထီးတွေကတော့ ကားပေါ်ကနေအမြန်ဆင်းပြီး ကိုယ်လွတ်ရုန်းထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့လည်းဆိုပါတယ်။
အဲဒီထွက်ပြေးသွားသူတွေကို လိုက်လံရှင်းလင်းခဲ့ပေမယ့် ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွင်းမှာ ဖောကား ၁ စီး၊ သေနတ်အတို ၁ လက်၊ G-3 ကျည်ဆံ ၄၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။







