Border News Agency
နေပြည်တော်၊ မတ် ၁။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းမှာ အင်အား ၁၂ ဦးပါတဲ့ စစ်ကော်မရှင်တယာဉ်တစီးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က မတ်လ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၂၈ ရက်၊ မနက် ၉ နာရီခွဲကျော်အချိန်မှာ လုပ်ခဲ့တာလို့ဆိုပါတယ်။
နေပြည်တော်-မကွေးနယ်ခြားကနေ ဖြတ်သန်းလာတဲ့ စစ်ကော်မရှင်တပ်ယာဉ်ကို မကွေး-ကန်ပြားလမ်း၊ ၁၇ မိုင် ၇ ဖာလုံအနီးမှာ PDF တပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီနေရာဟာ နေပြည်တော်နဲ့ ၂၅ မိုင်လောက်သာကွာဝေးတဲ့ ဥတ္တရသီရိမြို့နယ်အတွင်းက နေရာတခုဖြစ်ပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကော်မရီင်တပ်ယာဉ်ဟာ မီတာ ၁၅၀ ခန့်အကွာမှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းနဲ့နောက်ခန်းကစစ်သားတဦးသာ ကားပေါ်ကနေဆင်းပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာကျန်ရှိနေတဲ့ အင်အား ၁၀ ဦးခန့်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဗိဿနိုး PDF ဘက်က အတည်ပြုပြောဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပွားနေစဉ်အတွင်းမှာပဲ စစ်ကော်မရှင်တပ်ရဲ့ တခြားစစ်ယာဉ်တွေထပ်ပြီး ရောက်လာတာကြောင့် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်တာမရှိဘဲ အမြန်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။







