Border News Agency
အီရန်၊ မတ် ၁။
အီရန်နိုင်ငံတောင်ပိုင်း မီနပ်(Minab)မြို့မှာရှိတဲ့ မိန်းကလေးမူလတန်းကျောင်းတကျောင်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးပြီး ၉၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူအေအီး (UAE) ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းစစ်ရေးတင်းမာမှုတွေကြားမှာ အရပ်သားတွေနေထိုင်ရာ ပစ်မှတ်ကိုထိမှန်ခဲ့တာဖြစ်ပြီး သေဆုံးသူဦးရေဟာ ၁၄၀ ကျော်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အမီရ်ဆာအိဒ်အီရာဗာနီ(Amir Saeid Iravani)ကတော့ အခုလိုစာသင်ကျောင်းကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု”ကျူးလွန်တာဖြစ်သလို၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ကန့်ကွက်ရှုတ်ချထားပါတယ်။
စာသင်ကျောင်းဝင်းအတွင်းမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆောင်တွေဟာ အပျက်အစီးပုံတွေဖြစ်သွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားထဲကနေ ကလေးငယ်တွေကို အလုအယက်ရှာဖွေထုတ်ယူနေကြရတယ်လို့ဆိုပါတယ်။
အပြစ်မဲ့တဲ့ကလေးငယ်တွေရှိရာ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အပေါ် အီရန်ပြည်သူတွေကြားမှာ အကြီးအကျယ်ဒေါသထွက်နေကြသလို နိုင်ငံတကာကလည်း ဒီဖြစ်ရပ်အပေါ် အထူးစိုးရိမ် ထိတ်လန့်နေကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေအတွင်းမှာ အခုလိုအရပ်သားတွေနဲ့ ကလေးငယ်တွေ အစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးမှုဟာ အခြေအနေကိုပိုပြီး ဆိုးရွားသွားစေခဲ့ပါတယ်။
အဲဒါကြောင့် ဟော်မိုဇ်ဂန်ပြည်နယ်အတွင်းက ဆေးရုံတွေမှာ လူနာတွေနဲ့ပြည့်နှက်နေပြီး သေဆုံးသူဦးရေဟာ ထပ်မံတိုးလာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။






