Border News Agency
ကစယ်ဒို၊ မတ် ၈။
ကစယ်ဒိုမြို့နယ်၊ ပေါခလိုး(ဘန်းချောင်းကျေးရွာအုပ်စု)မှာ KNLAတပ်သားတဦးနဲ့ အရပ်သားတဦးကို KTLAတပ်ဖွဲ့ဝင်တွေမှ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNUမှ မတ်လ ၈ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီပေါခလိုး(ဘန်းချောင်းကျေးရွာအုပ်စု)မှာ မတ်လ ၇ ရက်နေ့၊ မနက် ၂နာရီအချိန်ခန့်က ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေမှ KNLA တပ်ရင်း ၁၂ ရဲဘော်တဦးနဲ့ မြို့နယ်လုပ်သားလူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
KNLA ရဲဘော်တဦးနဲ့ မြို့နယ်လုပ်သားလူငယ်တဦးကို စစ်ရေးအတွက်နဲ့နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေလုပ်ဆောင်နေချိန် KTLA အဖွဲ့တွေမှ ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ဝင်းဝစခန်းသိမ်းပိုက်ဖို့အတွက် စစ်အင်အားဖြည့်တင်းဖို့သွားနေချိန် တပ်ရင်း ၁၂ မှရဲဘော်တွေကားကို KTLA အဖွဲ့တွေမှ တိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်း၁၂မှ ရဲဘော် ၅ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
KTLA တပ်ဖွဲ့ဝင်တွေဟာ KNLAစတင်ဖွဲ့စည်းတဲ့အချိန်မှစပြီး ကရင်ပြည်သူလူထုတွေရဲ့အကျိုးကို လုပ်ဆောင်ဖို့ပျက်ကွက်ရုံသာမက ပြည်သူလူထုရဲ့ အကျိုးဆောင်ရွက်နေတဲ့ ကေအဲန်ယူအစည်းအရုံးကိုလည်း ရန်သူလိုသဘောထားပြီး စစ်အာဏာရှင်အလိုကျ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။






