Border News Agency
ကူဝိတ်၊ မတ် ၉။
နယူးယောက်ရဲတပ်ဖွဲ့ (NYPD) ရဲ့အရာရှိတဦးလည်းဖြစ် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ ဗိုလ်မှူးတဦးလည်းဖြစ်တဲ့ ဆော့ဖ်လီ ဒါးဗီးယပ်စ်ဟာ ကူဝိတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ကွယ်လွန်သွားပြီလို့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီ ဗိုလ်မှူး ဒါးဗီးယပ်စ်ဟာကူဝိတ်အနောက်မြောက်ဘက်က Camp Buehring အခြေစိုက်စခန်းမှာ အမှတ် ၄၂ ခြေလျင်တပ်မနဲ့အတူ “Operation Epic Fury” စစ်ဆင်ရေးမှာ ပါဝင်ကူညီရင်း ပြီးခဲ့တဲ့ သောကြာနေ့က ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ပြီး ကွယ်လွန်ခဲ့တာပါ။
သူဟာ ၂၀၁၄ ခုနှစ်ကတည်းက NYPD မှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘရွတ်ကလင်ဒေသမှာ လူထုလုံခြုံရေးအတွက် အားကိုးရသူတဦးလည်း ဖြစ်ပါတယ်။
အဲဒီအပြင် အမေရိကန်စစ်တပ်မှာလည်း အရေးပါတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ စစ်သည်တော်ရဲအရာရှိတဦး ဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်နဲ့ ရဲမင်းကြီးတို့က ပူးတွဲဂုဏ်ပြုစာ ထုတ်ပြန်ထားပါတယ်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးကလည်း ဗိုလ်မှူး ဒါးဗီးယပ်စ်ဟာ နိုင်ငံနဲ့ ပြည်သူ့အတွက် နှစ်ဖက်စလုံးကနေ ကိုယ်ကျိုးမငဲ့ဘဲ ပေးဆပ်ခဲ့သူဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့လည်းပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ကွယ်လွန်ရတဲ့အသေးစိတ် အကြောင်းရင်းကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
ဗိုလ်မှူး ဒါးဗီးယပ်စ်ဟာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီးတွေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။






