Border News Agency
ရန်ကုန်၊ မတ် ၉။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံစေဖို့အတွက်ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာဖို့ရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၈ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။
ခုလက်ရှိအခြေအနေအရ မတ်လ ၈ ရက်နေ့မှာ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ပြီးသား သင်္ဘော ၂ စီးရှိနေသလို လမ်းခရီးမှာ ၄ စီး၊ဆီတင်နေဆဲ ၃ စီးနဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော ၅ စီး၊ စုစုပေါင်း ၁၄ စီး ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူစုဆောင်းတာမျိုး မဖြစ်စေဖို့နဲ့ ချွေတာသုံးစွဲကြဖို့လည်း အသိပေးထားပါတယ်။
အဲဒီအပြင် တင်သွင်းထားတဲ့ စက်သုံးဆီတွေကိုသုံးစွဲသူတွေလက်ထဲအမှန်တကယ်ရောက်ရှိအောင် စိစစ်ကြပ်မတ်သွားမယ်လို့လည်းဆိုပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် နိုင်ငံတကာမှာ စက်သုံးဆီအကျပ်အတည်း ဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ရက်ပေါင်း ၄၀ စာ ဖူလုံမှုရှိတယ်လို့ ဇော်မင်းထွန်းက မတ်လ ၄ ရက်နေ့မှာ ပြောကြားထားပါတယ်။
စစ်ကော်မရှ်ဘက်က အခုလိုဆီဖူံလုံတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ဒေသအတော်များများမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်နေတာနဲ့ ဝယ်ယူရခက်ခဲတာတွေကို ပြည်သူတွေ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။






