Border News Agency
အီရန်၊ မတ် ၉။
အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးခိုင်မာတဲ့အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကျွမ်းကျင်သူများကောင်စီက ကွယ်လွန်သူခေါင်းဆောင် အလီခါမေနီရဲ့ ဒုတိယသားဖြစ်သူမူဂျတာဘာခါမေနီကို နိုင်ငံရဲ့တတိယမြောက်အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် မတ်လ ၈ ရက်၊ မနေ့ကတရားဝင်ခန့်အပ်လိုက်ပါတယ်။
အဲဒီခန့်အပ်မှုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၂၈ ရက်နေ့က အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အလီခါမေနီကွယ်လွန်သွားခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ခေါင်းဆောင်သစ်ခန့်အပ်လိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် မြို့တော်တီဟီရန်အပါအဝင် နိုင်ငံတစ်ဝှမ်းကလမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာထွက်လာပြီး အောင်ပွဲခံဂုဏ်ပြုခဲ့ကြတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)နဲ့ တပ်မတော်တာဝန်ရှိသူတွေကလည်း ခေါင်းဆောင်သစ်အပေါ် သစ္စာခံကြောင်းနဲ့ အပြည့်အဝထောက်ခံကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ကြပါတယ်။
အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူဂျတာဘာခါမေနီဟာ အရင်ကအစိုးရရာထူးကြီးကြီးမားမားရယူခဲ့တာမရှိပေမယ့် ဖခင်ဖြစ်သူရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာနောက်ကွယ်ကနေ ဩဇာအာဏာတည်ဆောက်ခဲ့သူတဦး ဖြစ်ပါတယ်။
အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ်မှာ ဩဇာညောင်းသူဖြစ်တာကြောင့် ဖခင်ရဲ့ အရိုက်အရာကိုဆက်ခံဖို့ အလားအလာအရှိဆုံးသူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒီခန့်အပ်မှုဟာ အီရန်ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအဆောက်အအုံအတွင်းမှာ အာဏာကို မိသားစုအမွေဆက်ခံသလို ဖြစ်နေတာကြောင့် နိုင်ငံတကာရဲ့စောင့်ကြည့်ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒီခန့်အပ်မှုနဲ့ပတ်သက်ပြီး သူတို့ဘက်ကအသိအမှတ်ပြုမှုမရရှိဘူးဆိုရင် ခေါင်းဆောင်သစ်အနေနဲ့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ သတိပေးပြောကြားထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်အတွင်း ခေါင်းဆောင်သစ်တက်လာတာဟာ အီရန်ရဲ့ စစ်ရေးမဟာဗျူဟာတွေအပေါ် ဘယ်လိုပြောင်းလဲမှုရှိလာမလဲဆိုတာက အလွန်အရေးကြီးလာပါတယ်။
အထူးသဖြင့် အီရန်နဲ့အမေရိကန်-အစ္စရေးတို့ကြားတိုက်ရိုက်ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ခေါင်းဆောင်သစ်ရဲ့ဆုံးဖြတ်ချက်တွေက ဒေသတွင်းတည်ငြိမ်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။






