Border News Agency
အမေရိကန်၊ မတ် ၉။
အီရန်အစိုးရကို တိုက်ခိုက်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်ဖွဲ့တာမျိုး မလုပ်ကြဖို့ ဆီးရီးယားအရှေ့မြောက်ပိုင်းက ကာ့ဒ်လူမျိုးတွေက အီရန်နိုင်ငံက ကာ့ဒ်တွေကို သတိပေးလိုက်ပါတယ်။
အမေရိကန်ဟာ အသုံးချပြီးရင် ပစ်ပယ်တတ်တဲ့အလေ့အထရှိတယ်ဆိုတာကို သူတို့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေအရ သိနိုင်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အစ္စရေးနဲ့အမေရိကန်တို့က အီရန်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အီရတ်မြောက်ပိုင်းမှာအခြေစိုက်တဲ့ အီရန်ကာ့ဒ် ပြည်သူ့စစ်တွေဟာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကာမစ်ရှ်လီမြို့က ဆီးရီးယားကာ့ဒ်တွေကတော့ အမေရိကန်ဟာ အီရန်နဲ့ သဘောတူညီချက်တခုခု ရသွားတာနဲ့ ကာ့ဒ်တွေကို ပစ်ပယ်သွားမှာဖြစ်လို့ သူတို့ရဲ့ အမှားမျိုး ထပ်မလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
ဆီးရီးယားကာ့ဒ်တိုက်ခိုက်ရေးသမားတွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်က IS အဖွဲ့ကို တိုက်ခိုက်ဖို့ အမေရိကန်နဲ့ ပူးပေါင်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု တည်ထောင်ခဲ့ကြတာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သမ္မတ အာမက်အယ်လ်ရှာရာဦးဆောင်တဲ့ ဆီးရီးယားတပ်မတော်က ကာ့ဒ်နယ်မြေတွေကိုထိုးစစ်ဆင်သိမ်းပိုက်ချိန်မှာတော့ အမေရိကန်က ဝင်ရောက်ကူညီတာမရှိဘဲ ရှာရာရဲ့တပ်တွေနဲ့ ပူးပေါင်းဖို့သာ ပြောဆိုခဲ့တာကြောင့် အမေရိကန်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတယ်လို့ ခံစားနေကြရပါတယ်။
အီရန်ကာ့ဒ်ခေါင်းဆောင်တွေဘက်ကလည်း ဆီးရီးယားက ကာ့ဒ်အဖွဲ့တွေလိုပဲ အမေရိကန်ရဲ့ စွန့်ပစ်တာခံရမှာကို စိုးရိမ်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါကြောင့် အီရန်နယ်မြေအတွင်း စစ်ပွဲတွေမှာပါဝင်တာမပြုခင် အမေရိကန်ဘက်ကနေ ကာ့ဒ်ဒေသတွေရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ လက်မှတ်ရေးထိုးထားတဲ့ အာမခံချက်တွေ ရရှိဖို့ တောင်းဆိုနေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ကာ့ဒ်တပ်ဖွဲ့တွေ အီရတ်မြောက်ပိုင်းကနေ အီရန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာမယ်ဆိုရင် “အလွန်ကောင်းမွန်တဲ့ကိစ္စ” ဖြစ်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ကာ့ဒ်တွေ ဝင်ရောက်တိုက်ခိုက်ရင် အမေရိကန်ဘက်ကလေကြောင်းပံ့ပိုးမှု ပေး၊မပေးဆိုတဲ့ မေးခွန်းကိုတော့ တိတိ
ကျကျ ဖြေကြားခြင်း မရှိသေးပါဘူး။







