Border News Agency
အမ်း၊ မတ် ၁၂။
အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ၃ နာရီကျော်ကြာတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိကြီး အများအပြားသေဆုံးသွားတယ်လို့ စစ်သုံ့ပန်း ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းက အတည်ပြုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာဗိုလ်မှူးချုပ်အပြင် ဗိုလ်မှူးတွေနဲ့စစ်ဆေးဆရာဝန်တွေလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။
ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က တိုက်လေယာဥ်တွေနဲ့တိုက်ခိုက်ချိန်မှာ အဆောက်အဦးတွေမီးလောင်ခဲ့ပြီး အ
ကျဉ်းသားတွေဟာ ထွက်ပြေးဖို့အခြေအနေမရှိဘဲ သေဆုံးခဲ့ကြရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေယာဉ်နဲ့ကင်းထောက်စဉ်ကတည်းက အကျဉ်းသားဝတ်စုံတွေနဲ့ လူဝင်လူထွက်များတာကို မြင်တွေ့ရပေမယ့် အကျဉ်းထောင်မှန်း သိသိကြီးနဲ့တိုက်ခိုက်ခဲ့တာဟာ ရက်စက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကျဲနေတဲ့ကြားကပဲ AA အရာရှိတွေက ထောင်တံခါးတွေကိုရိုက်ဖျက်ပြီး စစ်သုံ့ပန်းတွေကိုကယ်ထုတ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုကယ်ဆယ်နိုင်ခဲ့လို့သာ အသက်ဘေးကလွတ်မြောက်သူတွေရှိခဲ့တာဖြစ်ပြီး AA အနေနဲ့စစ်သားပီပီသသကာကွယ်ပေးခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဗိုလ်မှူးချုပ်သောင်းထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၂ ဦးရှိနေပြီး သေဆုံးသွားတဲ့အရာရှိတွေနဲ့ စစ်သည်တွေရဲ့ရုပ်အလောင်းတွေကို စုဆောင်းနေတယ်လို့သိရပါတယ်။
အဲဒီဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဖမ်းဆီးရမိထားတဲ့အဆင့်မြင့်အရာရှိကြီးတွေထဲက တဦးဖြစ်ပါတယ်။
သူ့ကို AA က ကတုတ်ကျင်းနဲ့ လုံခြုံအောင်ထားပေးတာကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။





