Border News Agency
အီရန်၊ မတ် ၁၂။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ စစ်ရေးအရဖိအားပေးမှုတွေရှိနေပေမယ့်လည်း အီရန်နိုင်ငံရဲ့လက်ရှိအုပ်ချုပ်ရေးယန္တရားဟာ နီးစပ်ရာကာလအတွင်း ပြိုလဲသွားမယ့် အန္တရာယ်မျိုးမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။
အီရန်ရဲ့ နိုင်ငံရေးနဲ့စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဖိအားတွေကြားထဲကနေနိုင်ငံကိုဆက်ပြီး ထိန်းကျောင်းနိုင်စွမ်းရှိနေသေးတယ်လို့ ဆိုပါတယ်။
အမေရိကန်အမျိုးသားထောက်လှမ်းရေးကောင်စီရဲ့လျှို့ဝှက်သုံးသပ်ချက်တွေအရ အီရန်ရဲ့ခေါင်းဆောင်မှုပိုင်းဟာ အတော်လေးကိုကျစ်ကျစ်လစ်လစ် ရှိနေဆဲဖြစ်ပြီး စစ်ရေးအရတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရင်တောင်မှ လက်ရှိအာဏာရဘာသာရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို ဖြုတ်ချနိုင်ဖို့ခဲယဉ်းလိမ့်မယ်လို့ ယူဆနေကြတာပါ။
အဲဒီအပြင် စစ်ပွဲတွေမှာစစ်ရေးအရအနိုင်ရရုံနဲ့ လက်ရှိအုပ်ချုပ်နေတဲ့စနစ်တခုလုံးပြိုလဲသွားဖို့ ဒါမှမဟုတ် ပြည်တွင်းအင်အားစုတွေ ပြောင်းလဲသွားဖို့ဆိုတာ မလွယ်ကူဘူးလို့လည်း ထောက်လှမ်းရေးဘက်က ထောက်ပြထားပါတယ်။
အခုလိုစစ်ပွဲတွေကြာရှည်လာတာနဲ့အမျှ လူသားချင်းစာနာမှုဆိုင်ရာထိခိုက်မှုတွေနဲ့ စီးပွားရေးအရဆုံးရှုံးမှုတွေကသာ ပိုပြီးများလာနိုင်တယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲက လက်ရှိမှာဘယ်လောက်အထိ ရှည်ကြာသွားမလဲဆိုတာနဲ့ ဒေသတွင်းအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
အီရန်အစိုးရရဲ့ခံနိုင်ရည်ရှိမှုအပေါ်အမေရိကန်နဲ့ အစ္စရေးတို့ကြားမှာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကြောင့် ဂယက်ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။






