Border News Agency
အမေရိကန်၊ မတ် ၁၃။
ပင်လယ်နီမြောက်ပိုင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မတ်လ ၁၂ ရက်၊မနေ့ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ U.S. Naval Institute က ထုတ်ပြန်ပါတယ်။
အဲဒီ မီးဟာ သင်္ဘောရဲ့အဝတ်လျှော်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သင်္ဘောသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီမီးလောင်မှုဟာ တိုက်ပွဲကြောင့်ဖြစ်တာမဟုတ်ဘဲ မတော်တဆဖြစ်ပွားခဲ့တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း အတည်ပြုပါတယ်။
သင်္ဘောရဲ့ အဓိကစက်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုမရှိသလို လေယာဉ်တင်သင်္ဘောကြီးဟာလည်း ပုံမှန်အတိုင်းဆက်လက်စစ်ဆင်ရေးဝင်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အဲဒီ ဒဏ်ရာရတဲ့ သင်္ဘောသား ၂ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးကုသမှု ခံယူနေရတယ်လို့ဆိုပါတယ်။
USS Gerald R. Ford ဟာ အီရန်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန်-အစ္စရေးရဲ့ “Operation Epic Fury” စစ်ဆင်ရေးမှာ ပါဝင်နေတာပါ။
ဒီသင်္ဘောကြီးဟာ ပြီးခဲ့တဲ့အပတ်ကမှ ဆူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ဆော်ဒီအာရေဗျကမ်းလွန်ပင်လယ်ပြင်ထဲမှာ အ
စောင့်သင်္ဘော ၃ စီးနဲ့အတူ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဒီလေယာဉ်တင်သင်္ဘောဟာ ၂၀၂၅ ခုနှစ် ဇွန်လကတည်းက တပ်ဖြန့်ထားတာဖြစ်ပြီး အီရန်နဲ့ စစ်ပွဲစတင်ကတည်းက တာဝန်ထမ်းဆောင်ချိန်ကို အကြိမ်ကြိမ် တိုးမြှင့်ခံထားရတာပါ။
အကယ်လို့ အခု ဧပြီလလယ်အထိသာ ဆက်ပြီး တာဝန်ယူရမယ်ဆိုရင်ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်လေယာဉ်တင်သင်္ဘောတွေထဲမှာတာဝန်ထမ်းဆောင်ချိန် အကြာမြင့်ဆုံး စံချိန်သစ် တင်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သင်္ဘောပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပျက်စီးမှုတွေကို ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေက စစ်ဆေးနေကြပါတယ်။
အမေရိကန် စစ်သင်္ဘောအုပ်စုဟာ ဒေသတွင်း တင်းမာမှုတွေကြားမှာ စစ်အင်အားပြသဖို့အတွက် အရှေ့အလယ်ပိုင်းမှာ ဆက်လက်တပ်ဖြန့်ထားဆဲ ဖြစ်ပါတယ်။






