Border News Agency
မောင်တော၊ မတ် ၁၃။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ရှိမြိုလူမျိုးတွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီမြိုလူမျိုးတွေဟာ တောတောင်တွေကို အမှီပြုနေထိုင်လုပ်ကိုင်စားသောက်နေကြသူတွေမို့ စားဝတ်နေရေးပိုမိုခက်ခဲလာကြတယ်လို့ မြိုလူမျိုးတွေကဆိုကြပါတယ်။
အဲဒါကြောင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေကြတယ်လို့ မြိုလူမျိုးတွေကဆိုကြပါတယ်။
“အခုလိုအခက်အခဲဖြစ်နေချိန်မှာ ထောက်ပံ့မှုတွေ၊ ကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်။ ဘယ်အဖွဲ့အစည်းကမှကျွန်တော်တို့ကို ထောက်ပံ့မှုမရှိပါဘူး။ ကူညီထောက်ပံ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ဘယ်လိုမှစားဝတ်နေရေးအတွက် ရုန်းကန်လို့မရတော့ပါဘူး။”လို့ မောင်တောမြို့နယ်မှမြိုလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြိုလူမျိုးတွေဟာ မယူတောင်သို့သွားရောက်ပြီး ငါးရှာ၊ ဟင်းခူကာရောင်းချအသက်မွေးဝမ်းကျောင်းနေကြရတာပါ။
ဒါပေမယ့် မယူတောင်မှာမြေမြုပ်မိုင်းတွေအပါအဝင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့အန္တရာယ်တွေကြောင့် မသွားရဲကြတော့ဘူးလို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
“အာဆာအကြမ်းဖက်တွေကြောင်း တောတောင်အဝေးကိုမသွားရဲကြတောဘူး။ ရွာအနီးပတ်ဝန်းကျင်မှာရနိုင်တဲ့ သစ်ဥ၊ သစ်ဖူးတွေရှာပြီးရောင်းစားနေကြရတယ်။ စားဝတ်နေရေးအခက်အခဲကြတာပေါ့။ အာဆာနဲ့တိုက်ပွဲတွေဖြစ်ကတည်းက စပြီးသွားလာလို့မရတာပါ။ အာဆာတွေကိုကြောက်ပြီး တောတောင်အဝေးကိုလည်းမသွားဝံ့ကြပါဘူး။ အာဆာတွေနဲ့လည်း ဘယ်နေ့တိုက်ပွဲဖြစ်မလဲဆိုတာစိုးရိမ်နေကြရတယ်။ စားဝတ်နေရေးကတောအတော်လေးခက်ခဲပါတယ်။ တနေ့ဟင်းရှာလို့ ဆန်တစပြည်ရတာရှိပါတယ်။ မရတဲ့နေလည်းရှိတယ်။”လို့ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှမြိုလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြိုလူမျိုးတွေဟာ မြေမြုပ်မိုင်းနင်းမိလို့သေဆုံးဒဏ်ရာရတာတွေရှိနေကြသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကိုလည်း ကြုံတွေ့ခံစားနေကြရတယ်လို့ မြိုလူမျိုးတွေကဆိုကြပါတယ်။
အဲဒါကြောင့်ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြသလို စားဝတ်နေရေးအတွက် ဝမ်းစာရှာဖွေရတာတွေလည်းခက်ခဲနေကြတယ်လို့ မြိုလူမျိုးတွေကဆိုကြပါတယ်။
အဲဒီအပြင်လမ်းပန်းဆက်သွယ်ရေးခ က်ခဲတာတွေ၊ကုန်စျေးနှုန်းအပါအဝင်စက်သုံးဆီစျေးတွေတက်နေတာမို့ အ သက်ရှင်ရပ်တည်ရေးတောင်ခက်ခဲနေကြပြီလို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
“တောထဲကိုသွားပြီးမြောက်ဥတွေတူးကြရတယ်။ အဝေးကြီးကိုသွားရတယ်။ အာဆာတွေကိုကြောက်ရင်လည်းသွားရတာပဲ။ ညပြန်လာရင်းမိုးချုပ်မှပြန်လာရတယ်။ ဒီနေ့ရလာတဲ့ ဟင်းသီးဟင်းရွက်၊ သစ်ဥသစ်သီးတွေကို နောက်တနေ့မနက်မှဈေးမှာလာရောင်းရတယ်။ မနက်စောစောဟင်းသွားရှာတဲ့အချိန်မှာလည်း ထမင်းလုံလောက်စွာမစားနိုင်ဘူး။ တောထဲမှာလည်း ဆင်ရိုင်းတွေကိုလည်းကြောက်ရတယ်။ လူကိုလည်းကြောက်ရတယ်။ တနေ့ဟင်သီးဟင်း ရွက်သွားရှာတာ ခုနှစ်ထောင်၊ ရှစ်ထောင်လောက်ပဲရတယ်။ မြို့ပေါ်ဈေးကိုသွားရောင်းဖို့သုံးဘီခတွေဈေးကြီးတယ်။ ဓါတ်ဆီဈေးကြီးတော့ သူတို့လည်းဈေးတောင်းကြတာပေါ့။ ဆိုက်ကယ်လည်းမစီးနိုင်ဘူး။ သုံးဘီးလည်းမစီးနိုင်ဘူး။ ဒုက္ခတွေတာပေါ့။ မောင်တောကိုတခေါက်သွားဖို့ သုံးဘီးခခုထောင်၊ ရှစ်ထောင်ပေးရတယ်။”လို့မောင်တောမြို့နယ်မှ မြိုလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ မြိုလူမျိုးတွေနေထိုင်ကြတဲ့ကျေးရွာနှစ်ဆယ်ခန့်ရှိပြီး လူဦးရေးနှစ်သောင်းခန့်ရှိပေမယ့် ကျေးရွာအများစုဟာမယူတောင်အနီးမှာတည်ရှိသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်လို့မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပါအဝင် ရေရှည်ရပ်တည်ရေးအတွက် ဝင်ငွေရမယ့်အလုပ်အကိုင်အခွင့်အလမ်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နိုင်ငံတကာအကူအညီတွေရယူလုပ်ပေးစေချင်တယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။






