Border News Agency
မြောက်ဦး၊ မတ် ၁၄။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့လေကြောင်းရန်ကို အထူးသတိပြုကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးနှိုးဆော်လိုက်ပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်နိုင်ဖို့အတွက် နေအိမ်ခြံဝန်းအတွင်း ဗုံးခိုကျင်းတွေကြိုတင်တူးထားကြဖို့နဲ့အရေးပေါ်ပုန်းခိုနိုင်ဖို့အတွက် အိမ်အနီးရှိရေမြောင်းတွေကိုလည်း ကိုယ်တိုင်တူးဖော်ရှင်းလင်းထားကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် လေယာဉ်သံကိုမကြားရလောက်အောင် ဆူညံစေမယ့် အသံချဲ့စက်တွေဖွင့်တာ၊အိတ်ဇောမပါတဲ့ ကားနဲ့ဆိုင်ကယ်တွေမောင်းတာအပြင် နားကြပ်တပ်ပြီးဖုန်းအသုံးပြုတာတွေကိုလည်း ရှောင်ကြဉ်ကြဖို့ ဆိုပါတယ်။
နောက်ပြီးလူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပတာကိုရပ်ဆိုင်းထားဖို့နဲ့ အိပ်စက်အနားယူတဲ့အခါမှာလည်း အတတ်နိုင်ဆုံး အိမ်အောက်ထပ်မှာပဲ အနားယူကြဖို့ အသိပေးထားပါတယ်။
အဲဒီအပြင် ညဘက် ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မီးမထွန်းကြဖို့နဲ့ မီးလောင်မှုဖြစ်ပွားလာရင် မီးသတ်ကားတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်အောင်လမ်းပေါ်က ဆိုင်ခန်းနဲ့ အဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းထားဖို့လည်း လိုအပ်ပါတယ်။
တဖက်မှာလည်း မိမိတို့ ရပ်ကွက်နဲ့ ကျေးရွာအတွင်း မသင်္ကာစရာလူပုဂ္ဂိုလ်တွေတွေ့ရင် နီးစပ်ရာအုပ်ချုပ်ရေးဌာနတွေကို ချက်ချင်းသတင်းပို့ကြဖို့လည်း အသိပေးထားပါတယ်။
အဲဒီစည်းကမ်းချက်တွေကို လိုက်နာတာမရှိရင် ထိရောက်စွာအရေးယူသွားမှာဖြစ်ပြီး ဒါဟာ စစ်ကော်မရှင်တပ်ရဲ့ လက်ချက်ကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေမဖြစ်ရအောင် ဆောင်ရွက်တာဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆိုပါတယ်။






