Border NewsvAgency
နေပြည်တော်၊ မတ် ၁၄။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်သက်ဆိုးရှည်နေရတာဟာ လက်နက်ကိုင်အဖွဲ့အချို့ရဲ့ ကိုယ်ကျိုးစီးပွားအခြေခံတဲ့ လမ်းစဉ်တွေကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က နေပြည်တော်ဖိုရမ်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပဋိပက္ခတွေမချုပ်ငြိမ်းနိုင်တာဟာ စစ်တပ်ကအာဏာကိုလက်လွှတ်မခံဘဲ ဖိနှိပ်နေတာကြောင့်လို့ ပြန်လည်တုံ့ပြန်မှုတွေရှိနေပါတယ်။
စစ်ခေါင်းဆောင်က လက်နက်ကိုင်အဖွဲ့တွေဟာအမျိုးသားနိုင်ငံရေးအပေါ် ခံယူချက်လွဲမှားနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့တန်းတူညီမျှရေးကို စစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ ငြင်းပယ်ခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရတာလို့ ရှုမြင်ကြပါတယ်။
အဲဒီအပြင် စစ်ခေါင်းဆောင်က ပြည်တွင်းပြည်ပသွေးထိုးမှုတွေကြောင့် ငြိမ်းချမ်းရေးနှောင့်နှေးနေရတယ်လို့ ဆိုပေမယ့် ဝေဖန်သူတွေကတော့ စစ်တပ်ဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုအချိန်ဆွဲဖို့နဲ့ အင်အားစုတွေကိုသပ်လျှိုဖို့အတွက်ပဲ အသုံးချခဲ့တာကြောင့် ယုံကြည်မှုပျက်ပြားခဲ့ရတာလို့ ထောက်ပြကြပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်အပေါ်မှာလည်း တော်လှန်ရေးဘက်က သံသယရှိနေကြပါတယ်။
အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာဟာ စစ်တပ်က နိုင်ငံရေးနည်းလမ်းထက် လက်နက်အားကိုးတာကို သက်သေပြနေတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်က လက်နက်ကိုင်အဖွဲ့တွေကြောင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားတယ်လို့ ပြောဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေကြောင့်သာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးနေရတာလို့ တုံ့ပြန်ပါတယ်။






