Border News Agency
နေပြည်တော်၊ မတ် ၁၄။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ သေနတ်သံတိတ်ရုံ၊ အပစ်ရပ်ရုံနဲ့ မပြီးဘဲ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်း ဇာစ်မြစ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ စစ်ခေါင်းဆောင်က နေပြည်တော်ဖိုရမ်မှာ ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်က တိုင်းရင်းသားအချင်းချင်း စာနာမှုနဲ့နားလည်မှုတွေထားပြီး အမျိုးသားစည်းလုံးညီညွတ်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ဖိတ်ခေါ်ခဲ့သလို ငြိမ်းချမ်းရေးနှောင့်နှေးနေရတာဟာ ပြည်တွင်းပြည်ပက သွေးထိုးနှောင့်ယှက်မှုတွေကြောင့်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်သွားရမှာဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ညှိနှိုင်းဖြေရှင်းရမယ်လို့လည်း သူက ထည့်သွင်းပြောကြားသွားပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်တပ်က အာဏာကို လက်မလွှတ်ဘဲ နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေတာဟာ ပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ အဟန့်အတားဖြစ်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေအပေါ် စစ်အင်အားသုံးဖိနှိပ်နေမှုတွေ မရပ်တန့်သရွေ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးဆိုတဲ့ ဖိတ်ခေါ်ချက်ဟာ လက်တွေ့မကျတဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ တော်လှန်ရေးဘက်က ဝေဖန်ထားပါတယ်။






