Border News Agency
မူတြော်၊မတ်လ ၁၈။
မူတြော်ခရိုင်ထဲကဘူးသိုနဲ့ ဒွယ်လိုးမြို့နယ်ရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဘူးသိုမြို့နယ်၊ နီဒိုထကျေးရွာအတွင်းကို မတ်လ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဆိုပါ
တယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်သမ္မာကျမ်းစာသင်ကျောင်း ၁ ကျောင်းနဲ့အတူ ပြည်သူပိုင်နေအိမ် ၂၁ လုံး ဗုံးထိမှန်ပျက်စီးသွားခဲ့ရပါတယ်။
အဲဒီအပြင် ဒွယ်လိုးမြို့နယ်ထဲကလုပ်ငန်းခွင်တွေကို မတ်လ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကား ၂ စီးနဲ့အတူ ကာလတန်ဖိုးကျပ်သိန်း ၆၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
နောက်ပြီး အဲဒီနေ့ ညနေပိုင်းမှာလည်း ထာလားခိုဒေသကို ထပ်မံတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုလိုပြည်သူတွေနေထိုင်ရာနဲ့ လုပ်ကိုင်စားသောက်ရာနေရာတွေကိုပဲပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပိုင်ဆိုင်မှုပျက်စီးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။













