Border News Agency
တာချီလိတ်၊ မတ် ၂၃။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံဘက်ခိုးထုတ်ဖို့ပြင်နေတဲ့ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်၂၆၀ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက မတ်လ ၂၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးမှာ လူတစုဟာ မတ်လ ၂၂ ရက်၊ မနက်ပိုင်းက အိတ်အမည်းတွေကိုကြိုးနဲ့ချည်ပြီး မြေထိန်းနံရံကနေတဆင့် တဖက်နိုင်ငံကို ပို့ဖို့ ကြိုးစားနေတာပါ။
အဲဒီအချိန်မှာ သတင်းအရစောင့်ကြည့်နေတဲ့အဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့တာလို့ဆိုပါတယ်။
အဲဒီနေရာမှာ စိုင်းမောင်ဝမ်း(ခ)ဝမ်းဝမ်းဆိုသူနဲ့အတူ အိတ် ၁၃ အိတ်ထဲ ထည့်ထားတဲ့ မူးယစ်ဆေးဝါးတွေကိုတွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းမိတဲ့အိုက်စ်တွေဟာ ကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံလောက် ရှိတယ်လို့ဆိုပါတယ်။
အဲဒီဖမ်းမိသူကို တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






