Border News Agency
အမေရိကန်၊ ဧပြီ ၄။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ အမေရိကန်အခြေစိုက် နိုင်ငံတကာဥပဒေပညာရှင် ၁၀၀ ကျော်က မတ်လ ၂ ရက်နေ့မှာအိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
ဒီစစ်ပွဲဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်နေတာဖြစ်သလို အီရန်ဘက်ကလည်း အမေရိကန်နဲ့ အစ္စရေးကိုအရင်စတင်တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။
အထူးသဖြင့် စစ်ပွဲပထမဆုံးနေ့က အီရန်နိုင်ငံ၊မိနပ်ဘ်မြို့ က မူလတန်းကျောင်းတကျောင်းကို ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၁၇၅ ဦး သေဆုံးခဲ့ရတာ၊ဆေးရုံတွေ၊ ရေပေးဝေရေးနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေအပေါ် ပညာရှင်တွေကစိုးရိမ်နေကြတာပါ။
ဒါ့အပြင် သမ္မတဒေါ်နယ်ထရန့်ရဲ့ ပျော်ရွှင်ရုံသက်သက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ကာကွယ်ရေးဝန်ကြီး Pete Hegseth ရဲ့ စည်းကမ်းတွေ ဂရုစိုက်နေမှာမဟုတ်ဘူးဆိုတဲ့ စကားရပ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို အကြီးအကျယ် စော်ကားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီစစ်ပွဲအတွက် အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတရက်ကို ဒေါ်လာ ၂ ဘီလီယံလောက် အကုန်အကျခံနေရတယ်လို့လည်း သိရပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာကို ယေးလ်တက္ကသိုလ် က ဥပဒေပညာရှင်တွေနဲ့ Human Rights Watch အဖွဲ့အကြီးအကဲဟောင်း Kenneth Roth တို့လို ထိပ်တန်းပညာရှင်တွေက လက်မှတ်ရေးထိုးထားတာပါ။
သူတို့က အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အခုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ တိုက်တွန်းထားပါတယ်။






