Border News Agency
ညောင်ဦး၊ ဧပြီ ၄ ။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာထဲကို စစ်ကော်မရှင်တပ်ကဧပြီလ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ KPG Update News က ထုတ်ပြန်ပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ရွာသား ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရသလို တခြားထန်းတက်သမားတဦးလည်း လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ခြေထောက်ဖြတ်ရမယ့်အထိ ဒဏ်ရာပြင်းထန်နေတယ်လို့ဆိုပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရသူကို အရေးပေါ် ဆေးကုသမှုပေးနိုင်ဖို့ ကြိုးစားနေကြပြီး စစ်ကော်မရှင်တပ်ဘက်ကတော့ အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၂၅,၀၀၀ ကျော်အထိ ရှိလာနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုလို အရပ်သားနေအိမ်တွေနဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။






