Border News Agency
ပေါက်တော၊ ဧပြီ ၄။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်းက အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလိုမီးရှို့ဖျက်ဆီးခံရမှုတွေထဲမှာ စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ၇၈,၈၉၆ လုံးနဲ့ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ဒါဟာ တနိုင်ငံလုံးအတိုင်းအတာရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိနေတာပါ။
စစ်ကိုင်းရဲ့နောက်မှာတော့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က ထိခိုက်မှုအများဆုံးအဖြစ် အစဉ်လိုက် ရှိနေပါတယ်။
စုစုပေါင်း ပျက်စီးဆုံးရှုံးမှုရဲ့ ၉၇ ရာခိုင်နှုန်း (နေအိမ် ၁ သိန်း ၂ သောင်းကျော်) ကို စစ်ကော်မရှင်တပ်နဲ့ သူတို့လက်အောက်ခံ အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တာကို အချက်အလက်တွေနဲ့တကွ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ဖေဖော်ဝါရီ အတွင်းမှာတင် တိုင်းနဲ့ပြည်နယ် ၆ ခုက ကျေးရွာပေါင်း ၈၉ ရွာမှာ နေအိမ် ၄,၇၀၀ ကျော် ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ဆိုပါတယ်။
အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အိုင်မကျေးရွာမှာ နေအိမ် ၅၀၀ ကျော်အထိ မီးလောင်ပျက်စီးခဲ့တာပါ။
အဲဒီအစီရင်ခံစာဟာ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အချက်အလက်တွေကို အခြေခံထားတာလို့ဆိုပါတယ်။










