Border News Agency
မောင်တော၊ သြဂုတ် ၂၅။
ဂမ်ဘီယာက မြန်မာကိုစွဲဆိုထားတဲ့ ICJ အမှုနဲ့ပတ်သက်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေဟာ အမိန့်ထဲမှာဘာတွေပါမယ်ဆိုတာကို အတိအကျခန့်မှန်းဖို့မလွယ်ကူပေမယ့် အပြီးသတ်စီရင်ချက်ဟာ ၂၀၂၆ ခုနှစ်မကုန်ခင်မှာထွက်လာနိုင်တယ်လို့ ဆောင်းပါးရှင် နာဆာအူဒင်(Nasar Uddin)က The Daily Star သတင်းစာမှာ သူ့အမြင်ကိုသုံးသပ်ထားပါတယ်။
၂၀၂၆ ခုနှစ်အစောပိုင်း ဇန်နဝါရီလတုန်းက သည်ဟိဂ်မှာ ရက်သတ္တပတ်သုံးပတ်ကြာ ကြားနာမှုအပြီး ICJ ရဲ့ စီရင်ချက်ထွက်လာချိန်တဖြည်းဖြည်း နီးကပ်လာပါပြီ။
အဲဒီဇန်နဝါရီလကြားနာမှုမှာ သက်သေအထောက်အထားတွေ၊ ကျွမ်းကျင်သူပညာရှင်တွေရဲ့ အမြင်တွေ၊ အစုအပြုံလိုက်သတ်ဖြတ်မှုက လွတ်မြောက်လာသူတွေရဲ့ သက်သေခံချက်တွေ၊ စနစ်တကျ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ လူနေရပ်ရွာတွေကိုဖျက်ဆီးတာတွေနဲ့ ဒေသတွင်း လူဦးရေအပြောင်းအလဲဖြစ်သွားအောင် လုပ်တာတွေကိုပြန်ပြီးသုံးသပ်ခဲ့ပါတယ်။
ICJ ရဲ့ ကြားဖြတ်အမိန့်ဟာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေအပေါ် တရားဝင်လွှမ်းမိုးမှုရှိပေမယ့် ထိခိုက်နစ်နာခဲ့တဲ့ ရိုဟင်ဂျာတွေဘက်ကကြည့်ရင် တော်တော်ကြီးကိုနောက်ကျနေခဲ့ပြီ။
မြေပြင်ပေါ်မှာ ဒီကြားဖြတ်အမိန့်ကို အရှိန်တင်အကောင်အထည်ဖော်ဖို့ ပြင်လာခါနီးမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
ရခိုင်ဒေသဟာလည်း ၂၀၁၇ ခုနှစ်တုန်းကလို အကြမ်းဖက်မှုတွေထပ်ဖြစ်လာတဲ့နေရာကို ပြန်ရောက်သွားပါတယ်။
၂၀၂၆ ခုနှစ်မှာ ကုလအချက်အလက်စုံစမ်းရေးယန္တရားတွေက မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်ပြီး အကြမ်းဖက်နေတယ်လို့ဆိုပါတယ်။
အဲဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် တိုက်ရိုက်ထိခိုက်နစ်နာသူ မဟုတ်တဲ့ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကိုကိုင်တွယ်နေချိန်မှာ ဖြစ်ပျက်နေခဲ့တာပါ။
လူ့အခွင့်အရေးအဖွဲ့တွေက ရခိုင်ဒေသမှာကျန်ရှိခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ထပ်ပြီး အခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အခြေအနေတွေဆိုးခဲ့ပြီး ပြီးခဲ့တဲ့လေးနှစ်ကာလမှာ ကျူးလွန်ခဲ့တာတွေအပါအဝင် တာဝန်ခံမှုလည်းပျောက်နေပါတယ်။
ဥပဒေပိုင်းဆိုင်ရာအနိုင်ရမှုနဲ့ ပကတိအရှိတရားကြားမြေပြင်မှာ အမိန့်ကိုအကောင်အထည်ဖော်နိုင်မလားဆိုတာက အမှုရဲ့အကျပ်အတည်းတခုလို့ ဆောင်းပါးရှင်နာဆာအူဒင်ကဆိုပါတယ်။
ကမ္ဘာကြီးရဲ့ အမြင့်ဆုံးတရားရုံးကနေ ကနဦးကြားဖြတ်အမိန့်ထွက်လာခဲ့ပေမယ့်ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။
မြန်မာစစ်တပ်က လက်နက်မဖြုတ်ခဲ့ပါဘူး။ ဒီမိုကရေစီကိုပြန်ပြီး မတည်ဆောက်နိုင်ခဲ့ပါဘူး။နိုင်ငံမဲ့ဖြစ်နေတဲ့သူတွေအတွက် နိုင်ငံသားအခွင့်အရေးကို အာမခံချက်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာစစ်တပ်က ICJ အမိန့်နဲ့ပတ်သက်လို့ မသက်မသာပုံစံနဲ့ လေးစားမှုကိုပြထားတာရှိပေမယ့် ဒါဟာ သူရဲ့နယ်မြေအတွင်း ICJ အမိန့်ကို အပြည့်အဝအကောင်အထည်ဖော်မယ်လို့ မှတ်ယူလို့ မရပါဘူး။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူတွေက ICJ ကို ပြန်စောဒကတက်တဲ့အစီရင်ခံစာမျိုးကသာ မြေပြင်မှာ အမှန်အကန်ပြောင်းလဲနေတဲ့ သက်သေအထောက်အထားတွေထက် ပိုပြီးထိရောက်မှာပါ။
ဥပဒေရေးရာပညာရှင်တွေက ICJ အမိန့်ဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ အသိအမှတ်
ပြုခံရရေးအတွက် ကျောထောက်နောက်ခံဖြစ်လာနိုင်သလို စိန်ခေါ်မှုတွေ၊အခက်အခဲတွေရှိနေရင်တောင် မြန်မာနိုင်ငံအတွင်း အုပ်ချုပ်နေသူတွေအားလုံးကို အာဏာသက်ရောက်လာမယ်လို့ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီအမှုဟာ ICJ အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကမ္ဘာ့တရားစီရင်ရေးစနစ်အောက်မှာ လူ့အခွင့်အရေးစံနှုန်းတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ အချက်ကို နမူနာပြရမှာ ဖြစ်လို့ပါ။
ဂမ်ဘီယာ-မြန်မာအမှုဟာ ဂျီနိုဆိုက်နဲ့တရားစွဲထားတဲ့ တောင်အာဖရိက-အစ္စရေးအမှုနဲ့ ယူကရိန်-ရုရှားအမှုတွေကိုလည်း သက်ရောက်သွားတဲ့အခြေအနေဖြစ်နေပါတယ်။
ဂမ်ဘီယာ-မြန်မာအမှုဟာ ဂျီနိုဆိုက်ကို သက်သေအထောက်အထားတွေနဲ့ ဖော်ပြချက်လောက်သာ မဟုတ်ဘဲ ကမ္ဘာကြီးထဲကအင်အားကြီးနိုင်ငံတွေ (ဗီတိုပါဝါနိုင်ငံတွေ) ရဲ့ အကျိုးစီးပွားနဲ့ ဂျီနိုဆိုက်ကို အသိအမှတ်ပြုမှုကြားက ချိန်သားကိုက်နေတာလည်း ရှိနေပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေ၊ အဝေးရောက်တက်ကြွလှုပ်ရှားသူတွေရဲ့ ဆောင်ရွက်ချက်တွေက ရိုဟင်ဂျာအရေးဟာ ထိခိုက်လွယ်တဲ့ကိစ္စလို့ လူထုရဲ့ အမြင်မှာပေါ်လွင်သွားစေပါတယ်။
အဲဒါဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ခိုင်မာတဲ့နိုင်ငံရေးဖိအားကို ရောက်သွားပါတယ်။
အဲဒီအချက်က မြန်မာစစ်တပ်အပေါ် ပထဝီဝင်နိုင်ငံရေးအရ ဖိအားဖြစ်စေပြီး မြန်မာနဲ့စစ်ရေး၊စီးပွားရေး၊မဟာဗျူဟာအရ အကျိုးစီးပွားရှိနေတဲ့ နိုင်ငံတွေကို မြန်မာအပေါ် ဖိအားပေးဖို့ထိလှုပ်ခတ်သွားစေနိုင်တယ်လို့ ဆောင်းပါးရှင်နာဆာအူဒင်ကဆိုပါတယ်။
ဒါပေမယ့် ပထဝီဝင်နိုင်ငံရေးထဲက အရှိတရားကိုလည်း ဆောင်းပါးရှင်က ဆက်ထောက်ပြပါတယ်။
မြန်မာအပေါ် ဖိအားပေးဖို့ နိုင်ငံတချို့ငြင်းပယ်တဲ့မူဝါဒနဲ့ ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့မူဝါဒမျိုးတွေ ရှိနေနိုင်ပြီး ကမ္ဘာ့တရားစီရင်ရေးစနစ်နဲ့ ကတိကဝတ်တွေအပေါ် စိတ်ပျက်စရာတွေလည်း ရှိနေနိုင်တယ်လို့ဆိုပါတယ်။
ရိုဟင်ဂျာတွေအတွက်တော့ ဥပဒေကြောင်းအရ သမိုင်းဝင်အောင်ပွဲဖြစ်ပေမယ့် ဒါကိုကမ္ဘာကဘယ်လောက် အရေးစိုက်မလဲဆိုတာကလည်း ခုချိန်မှာအဖြေမရနိုင်တဲ့မေးခွန်းအဖြစ် ရှိနေဆဲပါ။
မြန်မာဟာလက်ရှိ အခြေအနေမှာ ၂၀၁၉ ခုနှစ်တုန်းက မြန်မာ မဟုတ်တော့ပါဘူး။
ပြည်တွင်းစစ်တောက်လောင်နေခဲ့ပြီ။
ရခိုင်ပြည်ထဲမှာလည်း လက်နက်ကိုင်အဖွဲ့တွေတိုက်ခိုက်နေပြီး ရိုဟင်ဂျာတွေအပေါ်မှာလည်း ထိခိုက်အောင် လုပ်နေပါတယ်။
ဒါပေမယ့် ဂျီနိုဆိုက်ဆိုတဲ့စကားလုံးကိုမသုံးဘဲ (မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေရဲ့ ချိုးဖောက်မှုတွေကို) ရောထွေးလိုက်တဲ့ ယေဘုယျဆန်တဲ့ စီရင်ချက်မျိုးလည်း ထွက်လာနိုင်တယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။
ICJ အမိန့်ဟာ ချက်ချင်းအကောင်အထည်ဖော်ဖို့အတွက် နှေးကွေးလေးလံနေနိုင်ပေမယ့် ဒီအမိန့်ကို ငြင်းဆန်ပယ်ချဖို့က ပိုလို့မဖြစ်နိုင်ပါဘူး။
ICJ အမိန့်အပေါ် ပြဿနာတွေ ချက်ချင်းပြေလည်သွားမယ်လို့လည်း မမြင်သင့်သလို အ
ရေးမပါဘူးလို့လည်း ပိုလို့မတွေးသင့်ပါဘူး။
အဲဒါဟာ အင်မတန်ရှည်တဲ့ ဇာတ်လမ်းတပုဒ်မှာ အခန်းတခန်းပြီးဆုံးသွားတဲ့ သဘောပါ။
သည်ဟိဂ်ရဲ့ တရားရုံးနန်းတော် အခန်းထဲမှာဆုံးဖြတ်ခဲ့ပေမယ့် သက်ရောက်မှုကတော့ ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေ၊ရခိုင်ဒေသက အုပ်စုမျိုးစုံရဲ့ စစ်ဘက်ဆိုင်ရာတွေကိုရိုက်ခတ်သက်ရောက်သွားမှာပါ။
ဆောင်းပါးရှင်နာဆာ အူဒင်ကတော့ ICJ အမိန့်နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာနဲ့ မျှော်လင့်ချက်တွေကြား ပြိုလဲမသွားဖို့နဲ့ဆက်ပြီး ပန်းတိုင်ရောက်အောင် ရင်ဆိုင်ကျော်ဖြတ်ဖို့ကိုလည်း သတိပေးထားပါတယ်။
အမိန့်စီရင်ချက်တခုကမှားနေရင်တောင် ခိုင်မာတဲ့နိုင်ငံရေးစိတ်ဆန္ဒသာရှိရင် အဲဒီအမိန့်ကို ပြင်ဆင်ဖို့ စတင်လို့ရတယ်လို့ သူကဆိုထားပါတယ်။
မူရင်း…









