Border News Agency
မယ်ဆိုင်၊ ဧပြီ ၄ ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဖာလုံမြို့နယ်အတွင်းမှာ ဧပြီလ ၄ ရက်၊ဒီနေ့မနက်ပိုင်းက စိတ်ကြွဆေးပြား ၄.၃ သန်းကျော် တင်ဆောင်လာတဲ့ ကားတစီးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမယ်ဖာလုံမြို့နယ်၊မယ်စလောင်နော့ကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး စောင့်ဆိုင်းနေစဉ် သံသယဖြစ်ဖွယ် ဗီဂို ကားတစီး ရောက်ရှိလာတာဖြစ်ပြီးအာဏာပိုင်တွေက စစ်ဆေးဖို့ ကြိုးစားချိန်မှာ ကားက မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးရာမှာ အဲဒီကားဟာ လမ်းဘေးကို ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါလာသူတွေကတော့ အနီးနားက တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားကို ရှာဖွေစစ်ဆေးရာမှာတော့ အိတ် ၂၂ အိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၄,၃၀၀,၀၀၀ (၄ သန်းကျော်) ကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ နယ်စပ်တလျှောက် စစ်ကော်မရှင်တပ်နဲ့ ဆက်နွှယ်နေတဲ့ မူးယစ်ဂိုဏ်းတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မယ်ဖာလုံရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားပြီး ထွက်ပြေးသွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် နယ်မြေခံတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။













