Border News Agency
ကျောက်တော်၊ ဧပြီ ၉။
နွေရာသီမှာအပူချိန်မြင့်မားလာတာကြောင့် အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုက်နာရမယ့်အချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဧပြီ ၈ ရက်နေ့မှာ အသိပေးနှိုးဆော်လိုက်ပါတယ်။
အဲဒီကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေဟာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အအေးရတဲ့နေရာမှာ အနားယူဖို့၊ နေပူထဲသွားလာပါက ထီး၊ ဦးထုပ်ဆောင်းဖို့နဲ့ အရောင်ဖျော့တဲ့ ခြည်သားအဝတ်အစားတွေ ဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
တကယ်လို့ အပူဒဏ်ကြောင့် သတိလစ်တာမျိုး ဖြစ်လာပါက လူနာကို အရိပ်ရတဲ့နေရာကို အမြန်ရွှေ့ဖို့၊ အဝတ်အစားတွေ ချွတ်ပေးပြီး လည်ပင်း၊ လက်ကတီးကြားနဲ့ ပေါင်ကြားတွေကို ရေပတ်တိုက် အအေးပေးဖို့ လိုအပ်ပါတယ်။
အဲဒီလူနာ သတိရလာတဲ့အခါမှာတော့ ရေအေး ဒါမှမဟုတ် ဓာတ်ဆားရည် တိုက်ပေးရမှာဖြစ်ပြီး လူနာကို ပက်လက်အနေအထားနဲ့ ခြေရင်းဘက်ကို မြှင့်ထားပေးဖို့လည်း အကြံပြုထားပါတယ်။
နောက်ပြီးရောဂါဝေဒနာ ပြင်းထန်လာပါက နီးစပ်ရာ ကျေးလက်ကျန်းမာရေးဌာန ဒါမှမဟုတ် ဆေးရုံတွေကို ချက်ချင်း ပို့ဆောင်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတိုက်တွန်းထားပါတယ်။






