Border News Agency
ဆူဖန်ဘူရီ၊ ဧပြီ ၉။
ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်အတွင်းက ဘန်ဘိုထောင်လမ်းမပေါ်မှာ ဆီဒင်ကားတစီးနဲ့ တရားမဝင် မြန်မာလုပ်သား ၁၄ ဦးကို ကျပ်ညပ်သယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းနဲ့ အလုပ်သမားတွေကို ဧပြီ ၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအဝေးပြေးရဲတပ်ဖွဲ့ဟာ ကင်းလှည့်နေရင်း ကားမှန်တွေအမည်းရောင်ကပ်ထားပြီး ပုံမှန်ထက်လေးလံနေတဲ့ ဆီဒင်ကားတစီးကို သံသယဖြစ်လို့ ရပ်တန့်စစ်ဆေးရာကနေ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ပြည့်ကျပ်နေတဲ့အခြေအနေနဲ့ တွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းဆီးရမိတဲ့ အသက် ၂၃ နှစ်အရွယ် ထိုင်းယာဉ်မောင်းက အလုပ်သမားတဦးကို ဘတ် ၅၀၀ နှုန်းနဲ့ ဖက်ချဘွန်ပြည်နယ်ကနေ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ ငှားရမ်းခံရတာဖြစ်ပြီး အရင်ကလည်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးကြောင်း ဝန်ခံထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကတော့ မဲဆောက်နယ်စပ် သဘာဝလမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာကြတာဖြစ်ပြီး ပွဲစားခအဖြစ် တဦးကို ဘတ် ၁၆,၀၀၀ ခန့် ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီယာဉ်မောင်းကို တရားမဝင်သူတွေကို ဖုံးကွယ်ပေးမှုနဲ့ တရားစွဲဆိုထားသလို မြန်မာလုပ်သား ၁၄ ဦးကိုလည်း လတ်ဘူအာလွမ်ရဲစခန်းကို ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။












