Border News Agency
မင်းပြား၊ ဧပြီ ၉။
မင်းပြားမြို့နယ်မှ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပုလဲတောင်(ကပ္ပဲ့)ရွာကို ဧပြီလ ၉ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပုလဲတောင်(ကပ္ပဲ့)ရွာမှ အသက်သုံးဆယ်ငါးနှစ်အရွယ် ဦးမျိုးချစ်(ခ)အမဲသေဆုံးသွားပြီး အသက်ဆယ့်ငါးနှစ်အရွယ် မောင်သန်းဝင်းမောင်ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအပြင်ပုလဲတောင်ရွာအတွင်းကို ဗုံးကျရောက်ပေါက်ကွဲလို့ ဦးမျိုးချစ် (ခ)အမဲမှာ ခန္ဓာကိုယ်အနှံ့ဗုံးစတွေဖောက်ဝင်သွားပြီး နေရာမှာတင်ပွဲချင်းသေဆုံးခဲ့သလို မောင်သန်းဝင်းမောင်မှာလည်း ဒဏ်ရာရသွားခဲ့တာလို့ ဆိုပါတယ်။
နောက်ပြီး ရွာအတွင်းမှစာသင်ကျောင်းနဲ့ ဦးမောင်ထွန်းတင်ရဲ့နေအိမ်လည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီဒဏ်ရာရသွားသူမောင်သန်းဝင်းမောင်ဟာ အရေးပေါ်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။








