Border News Agency
ဂါဇာ၊ ဧပြီ ၁၀။
ဂါဇာစီးတီးမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ သတင်းထောက် မိုဟာမက် ဝါရှက်ရဲ့ ဈာပနအခမ်းအနားကို ဧပြိီလ ၉ ရက်၊မနေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းထောက် မိုဟာမက်ဟာ ဂါဇာမှာ ဧပြီလ ၈ ရက်နေ့ကသတင်းရယူနေစဉ်အတွင်း အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို သတင်းထောက်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းနည်းပူဆွေးစွာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီဈာပနအခမ်းအနားမှာ သတင်းထောက်တွေဟာ သူတို့ရဲ့သတင်းစာဆရာအင်္ကျီတွေကို ချွတ်ပြီး သေဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် ဝမ်းနည်းကြောင်းနဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
အဲဒီမိုဟာမက်ဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကျောင်းပြီးခဲ့ပေမဲ့ မီဒီယာလောကထဲကို ၂၀၀၆ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့သူဖြစ်ပြီး အယ်လ်ဂျာဇီးရားမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တဲ့ နှစ် ၂၀ ဝါရင့် သတင်းသမားတဦး ဖြစ်ပါတယ်။
သူဟာ ဂါဇာစစ်ပွဲအတွင်းမှာ အန္တရာယ်ရှိတဲ့ နေရာတွေအထိ သွားရောက်ပြီး သတင်းမှန်တွေကို သတ္တိရှိရှိ တင်ဆက်ပေးခဲ့သူဖြစ်သလို အလုပ်ဒဏ်ကြောင့် မိသားစုနဲ့ခွဲခွာပြီး သတင်းထောက်တွေနဲ့အတူ တဲထိုးကာ နေထိုင်ခဲ့ရတာလို့ ဆိုပါတယ်။
အယ်လ်ဂျာဇီးရားအဖွဲ့ကတော့ မိုဟာမက်ကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ သတင်းသမားတွေကို ခြိမ်းခြောက်ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်ဟု ရှုတ်ချပြောဆိုထားပါတယ်။
မိုဟာမက် ဝါရှက်အပါအဝင် ဂါဇာစစ်ပွဲအတွင်း အယ်လ်ဂျာဇီးရား သတင်းထောက် ၁၃ ဦး သေဆုံးခဲ့ရပြီး စစ်ပွဲစတင်ကတည်းက ဂါဇာမှာ သေဆုံးသွားတဲ့ သတင်းထောက် စုစုပေါင်း ၂၆၂ ဦးအထိ ရှိလာပြီဟု ထုတ်ပြန်ထားပါတယ်။






