Border News Agency
ကွာလာလမ်ပူ၊ ဧပြီ ၁၀။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်အတွင်းက စက်မှုဇုန်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ပူးပေါင်းအဖွဲ့တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဧပြီလ ၈ ရက်နေ့က ပြည်နယ်အတွင်းရှိ ဘာလကောင်နဲ့ ရှားအလန်းမြို့က စက်ရုံတွေကို လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁၄၅ ဦးအပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ ဝင်ရောက်ရှာဖွေတဲ့ စစ်ဆင်ရေး ပြုလုပ်ခဲ့တာပါ။
အဲဒီစစ်ဆေးမှုမှာ နိုင်ငံခြားသား ၁၆၂ ဦးကို စစ်ဆေးခဲ့ပြီး အထောက်အထားမပြည့်စုံတဲ့ အသက် ၂၀ ကနေ ၄၅ နှစ်အတွင်းရှိ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နဲ့ အိန္ဒိယ အစရှိတဲ့ နိုင်ငံခြားသား ၁၃၃ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို တရားဝင်အထောက်အထားမရှိတာ၊ပါမစ်စည်းကမ်းဖောက်ဖျက်တာ၊ခွင့်ပြုရက်ထက် ကျော်လွန်နေထိုင်တာနဲ့ မှတ်ပုံတင်ကတ်ပြားအတု ကိုင်ဆောင်တာစတဲ့ပြစ်မှုတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။










