Border News Agency
မြောက်ဦး၊ ဧပြီ ၁၀ ။
မြောက်ဦးခရိုင်အတွင်းမှာ ယာဉ်မတော်တဆမှုတွေလျော့နည်းစေဖို့အတွက် ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူမယ့်ဒဏ်ကြေးသတ်မှတ်ချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတာ၊ လူနှစ်ဦးထက်ပိုစီးတာနဲ့အိတ်ဇောသံကျယ်အောင် မောင်းနှင်တာတွေအတွက် ဒဏ်ကြေး ၅,၀၀၀ ကျပ်စီ ပေးဆောင်ရမှာဖြစ်ပြီး မူးယစ်မောင်းနှင်ရင်တော့ ကားဆိုရင် ၅၀,၀၀၀ ကျပ်နဲ့ ဆိုင်ကယ်ဆိုရင် ၃၀,၀၀၀ ကျပ်အထိ ဒဏ်ရိုက်ခံရမယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ကားတွေအတွက်လည်း ထိုင်ခုံခါးပတ်မပတ်တာနဲ့ ဘရိတ်စနစ်မကောင်းတာတွေအတွက် ၁၀,၀၀၀ ကျပ်၊ ကုန်ပစ္စည်းအစွန်းထွက်တင်ရင် ၅၀,၀၀၀ ကျပ် သတ်မှတ်ထားသလို၊ ၃ တန်ထက်ပိုတဲ့ကားတွေ မြို့ထဲဝင်ပြီး ကုန်ချရင် ဒဏ်ကြေး ၃ သိန်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
နောက်ပြီးသုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေအတွက်လည်း သတ်မှတ်လူဦးရေထက် ပိုတင်တာနဲ့ ရောင်ပြန်အင်္ကျီမဝတ်တာတွေအတွက် ၁၀,၀၀၀ ကျပ်စီ ဒဏ်ကြေးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီလိုသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုမလိုက်နာဘဲ ဒဏ်ကြေးပေးဖို့ငြင်းဆန်ရင်တော့ ယာဉ်ကိုခေတ္တသိမ်းဆည်းထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းဝေးအောင် ပူးပေါင်းလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။






