Border News Agency
မြောက်ဦး၊ ဧပြီ ၁၀။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တချောင်းစီအတွက် တရားမျှတမှုရရှိအောင်ကြိုးစားသွားမယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဧပြီလ ၁၀ရက်၊ မနေ့က ၁၇ နှစ်ပြည့်သွားပြီး အဲဒီနေ့သဝဏ်လွှာမှာတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပေးထားတာပါ။
အဲဒီလို”တရားမျှတမှုရရှိအောင်ကြိုးစားမယ်ဆိုတာကလည်း မရေမရာတဲ့နိုင်ငံတကာတရားရေးဆိုတာထက်ပိုပြီး လက်တွေ့ကျတဲ့ကိုယ့်အင်အားကိုကိုယ်ဗဟိုပြုတည်ဆောက်ပြီး အထူးတလည်ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။”လို့ အာရက္ခတပ်တော်၊ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။
အဲဒါကြောင့်”ငါတို့မှာငါတို့ပဲရှိတယ်။ ငါတို့ဟာငါတို့ယုံကြည်ရမယ်။ ကိုယ့်ဟာကိုကြိုးစားရမယ်။ ချွင်းချက်မရှိစည်းလုံးညီညွတ်ကြရမယ်။”လို့ တပ်မှူးချုပ်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏကျူးလွန်နေတာမို့ အရပ်သားပြည်သးတွေသေဆုံးဒဏ်ရာရနေကြရပါတယ်။
အဲဒီလိုအရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်နေတာဟာ အာရက္ခတပ်တော်ကိုမနိုင်တာမို့ သူရဲဘောကြောင်ယုတ်မာနေတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
“ရန်သူဟာ စစ်မြေပြင်စစ်ပွဲတွေမှာလက်နက်ကရိယာနည်းပညာတွေ အဖက်ဖက်ကသာလွန်ပေမယ့် ငါတို့ရဲ့သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ်၊ ဥာဏ်ပညာတွေကို မယှဥ်ပြိုင်နိုင်တဲ့အခါ ရန်သူအကြမ်းဖက်ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကသူ ရဲဘောကြောင်စွာအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေတုန်းပါ။”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။
အဲဒါကြောင့်”ပြည်သူတွေကို လေကြောင်းအန္တရာယ်တွေက လုံလောက်အောင်ကာကွယ်ပေးနိုင်ဖို့အတွက် နည်းပညာနဲ့ရုပ်ဝတ္ထုပစ္စည်းလက်လှမ်းမမီနိုင်တဲ့ကြားကာလကို ဖြတ်သန်းနေရပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက ကိုယ့်ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် အာရက္ခတပ်တော်နေ့စဥ် အချိန်တိုင်းကြံဆကြိုးစားနေပါတယ်။”လို့ တပ်မှူးချုပ်ကအသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ကျူးလွန်ထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် နိုင်ငံတကားတရားစီရင်းရေးမှာ အာဏာသိမ်းစစ်တပ်အမှုရင်ဆိုင်နေရပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ အပြီးသတ်အမိန့်ချမှတ်နိုင်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ကတော့ နိုင်ငံတကာတရားရေးထက်ကိုယ်တိုင် အင်အားတည်ဆောက်ပြီး တရားမျှတမှုရအောင်ကြိုးစားသွားမယ်လို့ တရားဝင်ပြောဆိုထားပါတယ်။






