Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၆။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ ငွေကျပ်ငါးဒသမသုံးနှစ်လေး ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာလ ၂၅ ရက်နေ့ကထုတ်ပြန်ပါတယ်။
ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ရက်နေ့တွေကစတင်ဖမ်းဆီးရမိခဲ့ပြီး ကလေးမြို့နဲ့ ပြင်ဦးလွင်မြို့တွေမှာပါ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆက်စပ်ဖမ်းဆီးမှုတွေအရ နိုဝင်ဘာလ ၃ ရက်မှ ၈ ရက်အတွင်း ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ စစ်ကိုင်းနဲ့ ကလေးမြို့တွေမှာ စိတ်ကြွဆေးပြား ဆယ့်ကိုးဒသမငါး သိန်းနဲ့ ဆက်စပ်သူတွေကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအပြင် အမရပူရ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နဲ့ ဇေယျာသီရိမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ဘိန်းဖြူ လေးဆယ့်ရှစ်ဒသမလေး ကီလိုနဲ့အတူ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မန္တလေးနဲ့ ပင်လောင်းဘက်ကနေ ကလေးမြို့ဘက်ကို သယ်ဆောင်ရောင်းဝယ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပါဝင်သူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားသလို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ဆက်လက်အရေးယူနေတယ်လို့ ဆိုပါတယ်။










