Border News Agency
မောင်တော၊ ဇူလိုင် ၂၉။
အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က ဇူလိုင်လ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အေအေဟာ နယ်မြေစိုးမိုးမှုတွေတိုးမြှင့်ရရှိလာတာနဲ့အတူ ရိုဟင်ဂျာတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်တာ၊လုယက်တာ၊မတရားဖမ်းဆီးတာ၊နှိပ်စက်ညှဉ်းပမ်းတာ၊တရားမဝင်အဓမ္မခိုင်းစေတာနဲ့ စစ်သားအဖြစ်အဓမ္မစုဆောင်းတာစတဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်နေတာလို့ ဆိုပါတယ်။
“အာရက္ခတပ်တော်ဟာမြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာနှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ဖိနှိပ်မှု မူဝါဒတွေနဲ့ဆင်တူတဲ့ မူဝါဒတွေကိုရိုဟင်ဂျာတွေအပေါ်ကျင့်သုံးနေပါတယ်။တပ်တော်အနေနဲ့ ခွဲခြားဆက်ဆံကာ အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို အဆုံးသတ်ပြီးအပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာသင့်ပါတယ်” လို့ HRW ရဲ့အာရှရေးရာဒါရိုက်တာအီလိုင်း ပီယာဆန်(Elaine Pearson) ကပြောပါတယ်။
အာရက္ခတပ်တော်ဟာ တန်းတူညီမျှတဲ့ အုပ်ချုပ်ရေးကို ဆောင်ရွက်မယ်လို့ကတိပြုထားပေမယ့် လက်တွေ့မှာခွဲခြားဆက်ဆံတဲ့စည်းမျဉ်းတွေ၊လုပ်ထုံးလုပ်နည်းတွေနဲ့တင်းကျပ်ခံထားရတယ်လို့ ရိုဟင်ဂျာတွေကပြောဆိုတယ်လို့ဆိုပါတယ်။
HRW အနေနဲ့၂၀၂၅ ခုနှစ်ဧပြီလကနေ ဇူလိုင်လအထိ ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဆယ့်နှစ်ဦးကိုတွေ့ဆုံမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာတွေကို တရက်သက်တမ်းရှိတဲ့ခရီးသွားခွင့်ပြုမိန့်အတွက် ULA ရွာတွေအကြား တရက်သာ သက်တမ်းရှိတဲ့ခရီးသွားခွင့်ပြုမိန့်အတွက် ဒေသခံမွတ်ဆလင် အုပ်ချုပ်ရေးမှူးနဲ့အာရက္ခတပ်တော် ဒါမှမဟုတ် သူ့ရဲ့နိုင်ငံရေးအဖွဲ့လက်မှတ် လိုအပ်ပြီး မြန်မာကျပ်ငွေသုံးထောင်မှငါးထောင်အထိ ပေးရတယ်လို့ဆိုပါတယ်။
“ဒီအချိန်အတွင်းမှာ ဘဝကအရမ်းကို ခက်ခဲပါတယ်။ရွာတရွာနဲ့တရွာကြား သွားလာခွင့်ကိုကန့်သတ်ထားပြီး ခွင့်ပြုမိန့်တောင်းရပါတယ်။အဲဒီခွင့်ပြုမိန့်ကလည်းရဖို့ခဲယဉ်းပါတယ်” လို့ အသက် ခြောက်ဆယ်နှစ်နှစ်အရွယ်ရိုဟင်ဂျာတဦးက ပြောခဲ့တယ်လို့ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) က တုန့်ပြန်တာ မရှိသေးပါဘူး။






