Border News Agency
ရန်ကုန်၊ ဩဂုတ် ၂၅
အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာရမှုတွေနဲ့ ကြုံတွေ့ ခံစားနေရတဲ့ ရိုဟင်ဂျာတွေ၊ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေကို ဆက်လက်ခိုလှုံခွင့်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန် မာနိုင်ငံမှစစ်ဘေးရှောင်တွေကို လက်ခံထားပေးတဲ့ဒေသတွင်းတခြားနိုင်ငံတွေကိုချီးကျူးဂုဏ်ပြုကြောင်းလည်းအမေရိကန်နိုင်ငံခြားဝန်ကြီးဌာနမှအကြီးတန်းလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ထောမတ်စ် “ထောမီ” ပီဂော့တ်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသူဦးရေဟာ ၃ ဒသမ ၆ သန်းနီးပါးထိရှိလာနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
တပ်မတော်နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာလို့လည်း ဆိုပါတယ်။
အာရက္ခဒေသမှာလည်း တိုက်ပွဲတွေကြောင့် အရပ်သားသိန်းနဲ့ချီအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး အခြေခံစားနပ်ရိက္ခာကို ပြည့်မီအောင်မစားသုံးနိုင်တဲ့မိသားစုအရေအတွက်ဟာ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလမှာ ၃၃ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၅၇ ရာခိုင်နှုန်းထိ မြင့်တက်လာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)မှ ဩဂုတ်လ ၁၂ ရက်က သတိ ပေးထားပါတယ်။
အာရက္ခဒေသအပါအဝင်မြန်မာပြည်အနှံ့မှာ အရပ်သားပြည်သူတွေဟာ နေ့စဥ်နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စားဝတ်နေရေး၊အသက်ရှင်ရပ်တည်ရေးအခက်ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောခရိုင်မှလည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ရောက်မယ့်သူတွေဘင်္ဂလားဒေ့ရှ်နိုင်ငံအနီးနတ်မြစ်ထဲမှာစောင့်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတာဝန်ရှိသူတွေက ဆိုကြပါတယ်။